2009-12-23

Traditional Color Theory


အစဉ်အလာ အရောင်သဘောတရား

အိုင်းဆက်နယူတန် ၏ သုံးမြှောင့်ဖန်တုံးဖြင့် ထင်ရှားသော စမ်းသပ်ဖော်ထုတ် ညွှန်ပြမှုများသည် အရောင်သဘော တရားနှင့် ပတ်သက်၍ ကျွန်တော်တို့အတွက် အခြေခံ ရင်းမြစ်များပင် ဖြစ်ပါသည်။ သုံးမြှောင့် ဖန်တုံးတစ်ခုကို ဖြတ်သန်း၍ ဖြာထွက်လာခဲ့သော ရောင်ခြည်တန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အဖြစ် သက်တံရောင်စဉ်ကို နယူတန်သည် ဂရုစိုက် လေ့လာခဲ့ပါသည်။ ဤလက်တွေ့စမ်းသပ် ဖော်ထုတ်မှုအရ အလင်းသည် အရောင်၏ ရင်းမြစ်ဖြစ်ကြောင်း၊ နျူတန်က ကောက်ချက်ချနိုင်ခဲ့ပါသည်။
နယူတန်၏နောက်ပိုင်း ပညာရှင်အသီးသီးတို့သည် သမိုင်းစဉ်ဆက် အရောင်သီအိုရီစနစ်များကို စူးစမ်း လေ့လာ ဖော်ထုတ်ခဲ့ကြရာတွင် မူလအခြေခံအရောင်များအဖြစ် အ၀ါ၊ အနီနှင့် အပြာရောင် သီအိုရီ သဘောများကို အသီးသီး တင်ပြခဲ့ကြပါသည်။ ၎င်းတို့အနက် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု သုံးစွဲခဲ့ကြ သော မန်ဆဲလ် (munsell) ၏ အရောင်စနစ်မှာ ထင်ရှားခဲ့ပါသည်။

ပေါင်းစပ်ရောင်စဉ် The Additive Spectrum

အင်္ဂလန်မှ ရူပပေဗဒပညာရှင် သောမတ်စ်ယန်း (Thomas Young) (1773-1829) သည် နီ၊ ၀ါ၊ ပြာလို အခြေခံ သည့် အရောင်စနစ်အပြင် အနီ၊ အစိမ်း၊ အပြာ၊ အလင်းရောင်သုံးခု အတူတကွ ရောနှောပေါင်းတင်ခြင်းဖြင့် အဖြူရောင်အလင်းကို ထုတ်လွှတ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အနီ၊ အစိမ်းနှင့်အပြာရောင်တို့သည် အလင်း၏ အခြေခံအရောင်များဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်သည်။

အလင်းအခြေခံအရောင် အနီ၊ အစိမ်း၊ အပြာတို့ကို ၁၉၇၀ ပြည့်နှစ် ၀န်းကျင်က စတင်တွေ့ရှိခဲ့သည်။ ဂျာမနီမှ ဟာမန်ဗွန် ဟဲလ်ဟော့ဇ် (HermannVon Helmholtz) ၊ ဗြိတိန်မှ ဂျိမ်းစ်ကလပ်စ် မက်က်စ်ဝဲလ် (James Clark Maxawell ) စသည့် သိပ္ပံပညာရှင်များက အခြေခံအရောင်များကို အတိအကျ သတ်မှတ်တိုင်းတာခဲ့ခြင်း ဖြစ်သည်။

၁၈၇၉ ခုနှစ်တွင် နယူးယောက် ကိုလံဘီယာကောလိပ်မှ ရူပဗေဒပညာရှင် အော့ဒဲန်ရုဒ် (Ogdon Rood) က နီစိမ်းပြာ အခြေခံသည့် ရောင်စုံစက်ဝိုင်းကို တီထွင်နိုင်ခဲ့သည်။

အင်္ဂလန်မှ အေ အိတ်ခ်ျ ချာ့ခ်ျ (A.H Charch) နှင့် အာအေဟူစတန့် (R.A.Houstoun) မြူးနစ်မြို့မှ ၀ီလ်ဟမ် ဗွန်ဘီဇောဒ် (Wilhelm Von Bezold) စသည့် ပညာရှင်များ ၁၉၂၃ ခုနှစ်တွင် အမေရိကန် ပန်းချီဆရာနှင့် ကျောင်းဆရာ မစ်ရှယ် ဂျက်ကော့ဘ်စ် (Michal Jacobs) တို့သည် နီ၊ စိမ်း၊ ပြာ အရောင်သဘောတရားများကို အသီးသီး ဆန်းသစ်ဖော်ထုတ် လေ့လာတင်ပြခဲ့ကြသည်။

နေရောင်ခြည်မှ ရောင်စဉ်များဖြစ်သည့် သက်တံရောင်စဉ်များကဲ့သို့ပင် ပေါင်းစပ်ရောင်စဉ်သည် လျှပ်စစ် သံလိုက်လှိုင်းများဖြစ်သည့် လှိုင်းအလျား ၄၀၀ မှ ၇၄၀ နာနိုမီတာအတွင်းရှိ ရောင်ခြည်တန်းများ ပေါင်းစပ်ပါဝင် နေသော မြင်နိုင်စွမ်းရှိသည့် အလင်းရောင်ခြည်တန်းများ ဖြစ်ပါသည်။ အလင်းရောင်ခြည် လှိုင်းတိုအလျား 400nm မှ 500nm အတွင်း ခရမ်းရောင် Purple မှ အပြာရောင် Blue အထိကို လည်းကောင်း၊ လှိုင်းလတ် အလျား 500nm မှ 600nm ခန့်အတွင်း အစိမ်းရောင် (Green) မှ အ၀ါရောင် (Yellow) အထိကိုလည်းကောင်း၊ လှိုင်းအလျား အနီးဆုံး 600nm မှ 740nm အတွင်း လိမ္မော်ရောင် Orange မှ အနီရောင် Red အထိ လည်းကောင်း တွေ့မြင်နိုင်ပါသည်။

ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်ဆိုရခြင်းမှာ မူလအရောင် အနီ၊ အစိမ်း၊ အပြာ သုံးရောင် ပေါင်းစပ်ခြင်းဖြင့် ကြည်ပေါက်သော အဖြူရောင်အလင်းကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ထက်ပို၍ မူလအရောင် နှစ်ရောင်စီကို အချင်းချင်း တွဲဖက်ပေါင်းစပ်သောအခါ အလင်း၏ ဒုတိယ အရောင်များကို ရရှိစေ ပါသ်ည။ ဥပမာအားဖြင့် အစိမ်းရောင်အလင်းနှင့် အပြာရောင် ပေါင်းစပ်၍ အပြာရောင် (Cyan) ကို ရရှိပါသည်။ အနီရောင်အလင်းနှင့် အပြာရောင်တို့ ပေါင်းစပ်ခြင်းဖြင့် ပန်းသွေးနီရောင် (Magenta) ကို ရရှိပါသည်။ အစိမ်းရောင် အလင်းနှင့် အနီရောင်တို့ ပေါင်းစပ်ခြင်းဖြင့် အ၀ါရောင် (Yellow) ကို ရရှိစေပါသည်။ ထို့ကြောင့် အလင်း၏ ဒုတိယ အရောင်များသည် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့ ဖြစ်ပါသည်။

ဤပေါင်းစပ်ရောင်စဉ် သဘောတရား အရောင်စနစ်သည် အလင်းကို အခြေခံသော Medium များ ဖြစ်သည့် TV, Monitor, Projector များနှင့် Multimedia products များတွင် လက်တွေ့အသုံးပြုပါသည်။ ယနေ့ လူသိများ သော RGB mood အရောင်စနစ်တစ်ခုပင် ဖြစ်ပါသည်။

နုတ်ထုတ်ရောင်စဉ် Subtractive Spectrum

ပေါင်းစပ်ရောင်စဉ် Additive Spectrum ၏ ဒုတိယအရောင်များ ဖြစ်သည့် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့သည် နုတ်ထုတ်ရောင်စဉ်၏ မူလအခြေခံ အရောင်များ ဖြစ်လာပါသည်။ အစဉ် အလာသဘောတရား၏ ဤယူဆချက် အရ အရာဝတ္ထုတစ်ခု၏ အရောင်များသည် အလင်းရောင်ခြည်များမှ နုတ်ထုတ်ခြင်းကို ခံရသည်ဟု ဆိုပါသည်။

RGB

ပေါင်းစပ်ရောင်စဉ်တွင် မူလအခြေခံ အရောင်များအဖြစ် အနီ (Red) ၊ အစိမ်း (Green) ၊ အပြာ (Blue) တို့ကို ဖော်ပြထားသည်။






CMYK

ရောင်စုံပုံနှိပ်ခြင်းနှင့် ပန်းချီရေးဆွဲခြင်းတွင် ရောင်ခြယ်ဆေးတို့၏ အလေ့အထကို ရှင်းလင်းဖော်ပြသောအခါ အနုတ်ရောင်စဉ် သဘောတရားသည် အသုံးဝင်သော ယူဆချက် ဖြစ်ပါသည်။ အလားတူ ဓာတ်ပုံလုပ်ငန်းတွင် လည်း အရောင်စစ်ထုတ်ခြင်း (Color Filter) ပြုရာ၌ အသုံးချနိုင်ပါသည်။ အကြောင်းမှာ အလင်းကို အရာဝတ္ထုက စုပ်ယူထားရှိခြင်းဖြင့် အရောင်များသည် အလင်းတန်းမှ နုတ်ထုတ်ခြင်းကို ခံကြရသည်။


အကြောင်းမှာ အလင်း သက်ရောက်ခံရသော အရာဝတ္ထုက အလင်းတွင် ပါရှိသော အရောင်တို့ကို စုပ်ယူထား ခြင်းကြောင့် ဖြစ်သည်။ မျက်စိဖြင့် မြင်တွေ့ရသော အရောင်များသည် အရာဝတ္ထုများမှ ထုတ်လွှတ်၍ ပြန်ထွက် လာသော ရောင်ပြန်များကို တွေ့မြင်ရခြင်း ဖြစ်သည်။ မျက်စိမှ ထုတ်ယူခဲ့ခြင်း မဟုတ်ပေ။

နုတ်ထုတ်ရောင်စဉ်များ၏ မူလအရောင်များဖြစ်သော Cyan, Magenta နှင့် Yellow တို့ကို ပေါင်းစပ်သောအခါ အနက် (Black) ကို ရရှိစေပါသည်။

ကျွန်တော်တို့သည် မူလအရောင်နှစ်ရောင်စီဟု အချင်းချင်း အတူတကွပေါင်းစပ်သောအခါ အနီရောင် (Red) ၊ အစိမ်းရောင် (Green) နှင့် အပြာရောင် (Blue) တို့ကို ရရှိစေပါသည်။ ထို့ကြောင့် အနီ၊ အစိမ်းနှင့် အပြာ (ပေါင်းစပ်ရောင်စဉ် additive spectrum ၏ မူလ အရောင်များ ) တို့သည် နုတ်ထုတ်ရောင်စဉ် Subtractive Spectrum ၏ ဒုတိယ အရောင်များ ဖြစ်ကြပါသည်။

Artist
များပြားလှသော အ၀ါ၊ အနီ၊ အပြာ တို့ ရှိသည့်အနက် ရောင်စဉ်စက်ဝိုင်းတွင် မူလအရောင်များအဖြစ် ဖော်ပြ ထားရာ ဤနေရာ၌ အပြာကို (Cyan) အဖြစ် ဖော်ပြထားပါသည်။

ပန်းချီအနုပညာရှင်များ၏ ရောင်စဉ် Artists' Spectrum

ယခုတိုင် ပန်းချီအနုပညာရှင်များ အစဉ်အလာ သုံးစွဲခဲ့ကြသော တတိယရောင်စဉ်တစ်ခုအဖြစ် ပန်းချီ အနုပညာ ရှင်များ၏ ရောင်စဉ် Artists' Spectrum ဟု ခေါ်ပါသည်။

အစဉ်အလာ အရောင်သဘောတရားအရ မျက်မှောက်ကာလတွင် ပန်းချီဆရာများ၏ ရောင်စဉ်စက်ဝိုင်းကို တည်ဆောက်ရာ၌ အ၀ါရောင် (Yellow) ၊ အနီရောင် (Red) နှင့် အပြာရောင် (Blue) တို့ကို မူလအရောင်စစ် (Primary Hues) များအဖြစ် စီစဉ်ဖော်ပြကြပါသည်။ ၎င်းတို့ သုံးရောင် အချင်းချင်း ပေါင်းစပ်ရာမှ ဒုတိယ အရောင်များအဖြစ် လိမ္မော် (Orange) ၊ အစိမ်း (Green) နှင့် ခရမ်း (Violet) တို့ကို ရရှိပါသည်။


ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။


Source of Computer User 15 October 2009

No comments:

Up