စကားပလ္လင်
`အိုင်တီ´ ခေတ်ဆိုသည်မှာ ငြင်းဆိုမည့်သူ မရှိသလောက် ရှားနေပြီထင်ပါသည်။ တစ်ခုတော့ရှိသည်။ မိမိတို့မှာ စိုက်ပျိုးရေးလူ့အဖွဲ့အစည်းတွင်သာ ရှိနေဆဲဖြစ်၍ သူများ အိုင်တီတိုင်း လိုက်တီစရာမလိုဆိုသူအချို့ ရှိသလောက် ရှိပါလိမ့်ဦးမည်။ (ဤပုဂ္ဂိုလ်များအတွက် ယခုစာစုမှာ ဖတ်စရာမလိုပါ။) စင်စစ် အိုင်တီ၏ လက်တံများမှာ စိုက်ပျိုး အပါအ၀င် ဘ၀၏နေရာတိုင်း၊ ထောင့်တိုင်းတွင် အရှိန်ပြင်းပြင်းနှင့် တိုးဝင်လျက် ရှိနေ ပြီဖြစ်ပါသည်။ သို့နှင့်အမျှ အိုင်တီအခြေခံသော အကောက်အယူသစ်များနှင့် ၎င်းတို့ကိုသယ်ပိုးလာသော ဝေါဟာရသစ်များမှာလည်း ဘာသာရပ်နယ်ပယ်အသီးသီးသို့ သဘာဝကျစွာ လျှံကျလာတော့သည်။ ´ဆိုက်ဘာ ဓလေ့အကောက်အယူများ´(Cyber culture Concepts) ဆိုပါစို့။ ဤသို့သော အကောက်အယူများနှင့် မယဉ် ပါးလျှင်ပင် ခေတ်ပြိုင်အခြင်းအရာများကို ချဉ်းကပ်လို့ မရနိုင်လောက်အောင် ဖြစ်နေရသည်။ ဤသည်ပင် စာရေးသူအပါအ၀င် ခေတ်ရေစီးကို မျက်ခြေပြတ်မခံလိုသူများအတွက် မသေးလှသော အခက်အခဲကြီး ဖြစ်တော့သည်။ ယခုစာစု၏ ရည်ရွယ်ချက်မှာ စာရေးသူနှင့်ဘ၀တူ သောတုဇနများအတွက် အထိုက်သင့် အဆင်ပြေလွယ်ကူစေရန် လက်လှမ်းမီသမျှ စုစည်းကြည့်ခြင်း ဖြစ်ပါကြောင်း။
(A)
ARTIFICIAL INTELLIGENCE (AI)
ARTIFICIAL LIFE (A-LIFE)
အေအိုင်နှင့် အေလိုက်ဖ်
ARTIFICIAL LIFE (A-LIFE)
အေအိုင်နှင့် အေလိုက်ဖ်
၂၀၀၁ ခုနှစ်က နာမည်ကြီး ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ရဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ထွက်လာတယ်။ နာမည်က အေအိုင် (A.I) တဲ့။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လိုက်က လူသားပုံဏ္ဌာန် ပရိုဂရမ်သွင်းထားတဲ့ `ဒေးဗစ်´ ဆိုတဲ့ စက်ရုပ်လေးပါ။ ထူးခြားတာက အဲဒီဒေးဗစ်မှာ လူလိုချစ်တတ်တဲ့ ပရိုဂရမ်ပါ ထည့်ပေးထား တယ်။ ဒီလိုနဲ့ ဒေးဗစ်ဟာ သူ့ရဲ့မွေးစားအမေကို လူသားကလေးက သူ့အမေအပေါ်ထားတဲ့ အချစ်မျိုးနဲ့ ချစ်နေ ရော။ သားအရင်း မာတင် ဆုံးသွားတဲ့ မွေးစားအမေကလည်း ဒေးဗစ်ကို သားအရင်းလို ပြန်ချစ်ပါတယ်။ ဒါပေမဲ့ မာတင်လည်း ပြန်ရှင်လာရော ဒေးဗစ်ကို မေ့သွားတော့တယ်။ ဒီဇာတ်ကားမှာ စပီးလ်ဘာ့ဂ် ပြောချင်တာက လူ နဲ့စက်ရဲ့ အပြန်အလှန်သံယောဇဉ် အကြောင်းပါ။
ဒီဇာတ်ကား ထွက်လာတယ်ဆိုရင်ပဲ အနာဂတ္တိဆရာ၊ အယ်လ်ဗင်းတော်ဖလာ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ကို ပြန်ကိုးကား ညွှန်းဆိုချင်စရာ ဖြစ်လာတော့တယ်။ `အနာဂတ်အကြောင်း မှန်းဆကြည့်ချင်ရင် သိပ္ပံဝတ္ထု တွေဖတ်၊ သိပ္ပံရုပ်ရှင်တွေကြည့်´ ဆိုတဲ့ စကားပါ။ တကယ်တော့ စပီးလ်ဘာ့ဂ် ရဲ့ဇာတ်ကားဟာ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်လို့ ပြောဖို့တောင် ခက်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ `အေအိုင်´နဲ့ ပတ် သက်တဲ့ သုတေသနတွေက အတော်အရှိန်ရနေပါပြီ။
အတိအကျ ဇာတ်ကြောင်းပြန်ရရင် ၁၉၅၆ ခုနှစ်လောက်ကတည်းက ဒီဝေါဟာရကို စထွင်ခဲ့ကြတာလို့ ဆိုပါ တယ်။ A.I ဆိုတာ Artificial Intelligence ရဲ့ အတိုကောက်ပါ။ လုံးကောက်ဘာသာပြန်မယ်ဆိုရင် `ဉာဏ် အတု´ ပေါ့။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာပဲ `အေအိုင်´ သုတေသနဟာ အဆင့်အဆင့် ဖွံ့ဖြိုးပြီး ပြင်ပလုပ်ငန်း နယ်ပယ် (အထူးသဖြင့်) စီးပွားရေးမှာ တစ်စတစ် နေရာယူလာခဲ့ပါတယ်။
ပထမတော့ လူ့လုပ်အားနေရာမှ အစားထိုးသုံးလို့ ရနိုင်မယ့် စက်ရုပ် (ရိုဘော့) တွေက စတာပါ။ နောက် အဲဒီရိုဘော့တွေထဲမှာ လူ့အပြုအမူဖြစ်စဉ်တွေကို ပရိုဂရမ် သွင်းကြည့်လာတယ်။ နောက်တစ်ဆင့်ရောက်တော့ လူ့စိတ်ကူးဖြစ်စဉ်ကိုပါ ထည့်ကြည့်လာကြတယ်။ ဒီလိုနဲ့ စက်ရုပ်နဲ့မတူတဲ့ စက်ရုပ် (Mecha) တွေ ပေါ်လာရော။ သူတို့တစ်တွေဟာ ပုံမှန်ဇီဝဗေဒနည်းနဲ့ မျိုးပွားလာတဲ့ သတ္တ၀ါ (Orga) လည်း မဟုတ်လေတော့ စက်ရုပ်တစ် ပိုင်း လူတစ်ပိုင်းလို့ ပြောရမယ်ထင်ပါရဲ့။ သူတို့ရဲ့ အသိဉာဏ်ကို ဉာဏ်အတု (အေအိုင်)လို့ ခေါ်တာပါ။
အေအိုင်ကို ပထမဆုံး တွင်တွင်ကျယ်ကျယ်ဈေးကွက်တင်လိုက်တာက Game ထုတ်လုပ်ရေးလို့ ပြောရပါ လိမ့်မယ်။ အထူးသဖြင့် Action Game တွေမှာ `မဟာဗျူဟာစဉ်းစားနည်း´ (Strategic Thinking) ကိုပါ program သွင်းလာတော့ စက်ဟာစက်အဆင့်ကိုလွန်ပြီး သတ္တ၀ါတစ်ကောင်လိုဖြစ်လာတော့တယ်။ ဒါကို `ရိုဘိုဆက်ပိန်း´ (Robo Sapien) လို့ ခေါ်လာကြတယ်။ 1997 ခုနှစ်ရောက်တော့ အပြာရင့် (DeepBlue) လို့ အမည်ပေးထားတဲ့ computer က ကမ္ဘာ့စစ်တုရင်ဘုရင် ချန်ပီယံ ကက်စပါရော့ကို အနိုင်ကစားပစ်လိုက်တယ်။ ဒီမှာတင် လူ `ဟိုမိုဆက်ပိန်း´ (Homo Sapien) ကို ´ရိုဘိုဆက်ပိန်း´ က ခြိမ်းခြောက်လာပြီဆိုပြီး အုတ်အော် သောင်းနင်းဖြစ်လာတော့တယ်။
ဒါပေမဲ့ သုတေသနပညာရှင်တွေကတော့ ဒီလိုဂယက်မျိုးတွေကို ထည့်တွက်ကြဟန် မတူပါဘူး။ သူတို့ အလုပ် (သုတေသန)ကို ဆက်လုပ်ရင်းနဲ့ အေအိုင်ဟာ ပြည့်စုံသထက် ပြည့်စုံလာပါတယ်။ ပြဿနာဖြေရှင်းရေး တို့၊ ဘာသာစကားအသုံးပြုတာတို့၊ ဘာသာပြန်စကားအသုံးပြုတာတို့၊ ရောဂါရှာဖွေတာတို့၊ လူနဲ့အပြန်အလှန် စကားပြောတာတို့ စတဲ့ function အသစ်တွေကို program သွင်းလာကြတယ်။ ဒီတွေ့ရှိချက်တွေကို စီးပွားရေး နယ်ပယ်မှာလည်း စမ်းသပ်အသုံးပြုလာကြတယ်။ အပြန်အလှန်စကားပြော program သွင်းထားတဲ့ EZLIZA ဆိုတဲ့ software ဆိုရင် စိတ်ကုရောဂါကုထုံးတွေမှာတောင် အသုံးပြုလို့ ရနေပြီလို့ ဆိုပါတယ်။
နောက်တစ်ဆင့် သုတေသနရောက်တော့ အေအိုင် မှာ အချစ်၊ အမုန်း စတဲ့ `စိတ်လှုပ်ရှားမှု´ (emotion) နဲ့ လူမှာသာရှိနိုင်တဲ့ `မျှဝေခံစားစိတ်´ (Empathy) ကိုပါ program သွင်းဖို့ ကြိုးစားလာကြတယ်။ စီးပွားရေး လောက ကလည်း နောက်မကျပါဘူး။ ကလေးချစ်တတ်တဲ့ program သွင်းထားတဲ့ ကလေးထိန်းနာရီတွေ ထုတ်လုပ်ဖို့ စိတ်ကူးလာကြတယ်။ ဒီလိုနဲ့ လူ့အပြုအမူကိုသာ ကိုယ်စားပြုနိုင်တဲ့ ရိုဘိုဆက်ပိန်းဟာ လူ့စိတ်လူ့ သဘာဝကိုပါ ကိုယ်စားပြုမယ့် `ဆိုက်ကိုဆက်ပိန်း´ (Psycho Sapien) အဆင့်ထိရောက်တော့မလို ဖြစ်လာ တော့တယ်။
ဒီမှာတင် အေလိုက်ဖ် (Artificial Life) ဆိုတဲ့ နောက်ထပ်အကောက်အယူတစ်ခု ကျွဲကူးရေပါ ပေါ်လာခဲ့တာ ပါ။ `ဘ၀အတု´ လို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါလိမ့်မယ်။ Digital ပတ်ဝန်းကျင်သစ်မှာ ဇီဝဖြစ်စဉ်ရော၊ အတွေးဖြစ်စဉ်ပါ လူနဲ့မခြား ဖန်တီးနိုင်စရာရှာလာပြီမို့ ဘ၀ကိုအတုလုပ်လို့ရပြီဆိုတဲ့သဘော ဖြစ်ပါတယ်။ အေလိုက်ဖ်သုတေသနက လူပုံတူမိတ္တူပွားတာတို့၊ ဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းကြည့်စေတာတို့၊ လိုက်လျော ညီထွေ ပြုပြင်ပြာင်းလဲနိုင်စွမ်းတို့ စတာတွေကို ဖိုးကပ်စ်လုပ်ပါတယ်။
သိပ္ပံစာရေးဆရာ `မတ်ခ်လူဒ်ဝစ်ခ်´ ကတော့ computer virus တွေကို ကနဦး အေလိုက်ဖ်ပုံသဏ္ဌာန်တွေ လို့ဆိုတယ်။ အမှန်တကယ်မရှိပေမဲ့ အစစ်အမှန်လိုပဲ အရာထင်စေတာမို့ ဒါကို `အစစ်နီးပါးအတု´ (Virtual) လို့လည်း ခေါ်ကြတယ်။ (ဒီကရှေ့ဆိုရင် ခပ်လွယ်လွယ် `ဗွီ´ လို့ပဲ သုံးပါမယ်) ဒီကစပြီး ဗွီသဘောဟာ နယ်ပယ်အားလုံးကို ပြန့်သွားတော့တယ်။ ဗွီ-ကော်ပိုရေးရှင်း၊ ဗွီ-နိုင်ငံတော်၊ ပြောရရင် `ဗွီ-ဃရာဝါသ´ (V-Sex) ဆိုတာတောင် ရှိလာတယ်။ `ဆိုက်ဘာဓလေ့´ နဲ့ မကင်းနိုင်သမျှအားလုံးကို ဗွီရှေ့ဆက်နဲ့ချိတ်ပြီး အကောက်အယူသစ်တွေ ချဲ့ယူလာကြတယ်။
ဆိုခဲ့ပြီးတဲ့အတိုင်း `အေအိုင်´နဲ့ `အေလိုက်ဖ်´ ဟာ သုတေသန နယ်ပယ်ကိုကျော်ပြီး လက်တွေ့ဘ၀ထဲကို ရောက်သလောက် ရောက်နေပါပြီ။ ဒါနဲ့အမျှ ဒဿနဆရာတွေ၊ လူမှုဗေဒပညာရှင်တွေကြားမှာ အငြင်းပွားစရာ ဒီဘိတ်သစ်တွေ တစ်ထောကြီး လျှံကျလာတော့တယ်။ အဲဒီပညာရှင်တွေထဲမှာ အခုလောလောဆယ် ထပ်ဆုံး ရောက်နေသူကတော့ `မက်ဆာချူဆက်နည်းပညာတက္ကသိုလ်´ (MIT) က ပါမောက္ခ ရှာရီ-တာကယ် ဖြစ်ပါ တယ်။ သူ ရေးသားပြုစုလိုက်တဲ့ `ဒုတိယအတ္တ၊ ကွန်ပျူတာနှင့် လူ့ဝိဉာဉ်´ (The second self: Computers and the Human Spirit) ဆိုတဲ့ စာအုပ်ဟာ ဒီကနေ့ ဒီဘိတ်အားလုံးရဲ့ ဆုံချက်လို့တောင် ပြောနိုင်လောက် တယ်။
ပါမောက္ခ တာကယ်က အေလိုက်ဖ်ဟာ ဇီဝလွန်ဘ၀ပုံသဏ္ဌာန်´ (Post-biological life form) လို့ ဆိုပါ တယ်။ ဇီဝဘ၀ပုံသဏ္ဌာန် (Biological life form) မှာ လူ့ဘ၀ရဲ့ စိတ္တဗေဒ သက်ရောက်မှုအနေနဲ့ `အတ္တ´ ဆိုတာ ရှိတယ်။ ဒါကို သူက `ပထမအတ္တ´ (The first self) လို့ ဆိုပါတယ်။ အခု ဇီဝဘ၀လွန်ပုံသဏ္ဌာန်မှာ ကော အတ္တမရှိနိုင်ပေဘူးလားလို့ မေးခွန်းထုတ်တယ်။ ရှိခဲ့ရင် ဒါကို `ဒုတိယအတ္တ´ (Second self) လို့ ခေါ်ထိုက် တယ်။ ပတ်ဝန်းကျင်သစ် (ဆိုက်ဘာဓလေ့) ပေါ်မှာ ဘ၀ပုံသဏ္ဌာန်နှစ်မျိုးလုံး ရှိနိုင်တာမို့ အတ္တချင်း တိုးတိုက်မိ စရာရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်။ ၂၀၀၁ ခုနှစ်က ထွက်ခဲ့တဲ့ The Matrix ရုပ်ရှင်ဟာ ဒီဟောကိန်း ကို ဇာတ်လမ်းဖွဲ့ထားတာလို့ ဆိုပါတယ်။

(B)
BLOG/BLOGGER/BLOGGING
ဘလော့/ဘလော့ဂါ/ဘလော့ဂင်း
BLOG/BLOGGER/BLOGGING
ဘလော့/ဘလော့ဂါ/ဘလော့ဂင်း
1997 ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် website မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်လာရာကနေ တွင်ကျယ်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့ မလွယ်တာမို့ `ဘလော့´ ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပါယ်က ကွန်ပျူတာ keyboard၊ ဒါမှမဟုတ် Cellphone သုံးပြီး ကိုယ်ပြောချင်၊ ရေးချင်ရာတွေ ချရေးလို့ရတဲ့ website တွေကို ခေါ်ပါတယ်။ များသော အားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ internet diary လို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင် website တင်ပြီး ကိုယ်ပိုင် `ဘလော့´ တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တစ်ပြားမှ ပေးစရာမလိုဘဲ free ၀င်ရေးလို့ရတဲ့ website တွေလည်း အများကြီးရှိပါတယ်။
ဘလော့ဂါ Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ internet Journalist လို့ ခေါ်ကြတာလည်းရှိရဲ့။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို `ဘလော့ဂင်း´ blogging လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါ တွေစုပြီး အကြောင်းအရာတစ်ခုခုကို `တည်´ ဆွေးနွေးကြ တာမျိုးကိုလည်း `ဘလော့ဂင်း´ လို့ သုံးလာကြပါတယ်။
`ဘလော့လှုပ်ရှားမှု´ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ် ထဲရှိတာ ချရေးလိုက်တဲ့သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ မကွာလှပါဘူး။ ရေးကြ ပြောကြတဲ့ အကြောင်းအရာအများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ `မာမီ ကပြောတယ်၊ ဒီနေ့ မိုးရွာမယ်´ တဲ့ စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ လုပ်လာကြတယ်။ ဘလော့ဂါ အချင်းချင်းလည်း အပြန်အလှန်ဆွေးနွေးကြတာ၊ ဝေဖန် ကြတာတွေရှိလာတယ်။ ဒါကြောင့်လည်း internet Journalist လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။
ဘလော့လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိမ်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ကန့်တာ ထိမ်း တာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့ မလွယ်ပါ ဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသလောက် ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အ၀ အသုံးချကြ တာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိတယ်။
Media လောကအနေနဲ့ ဘလော့ဂါတွေကို အလေးထားလာရတဲ့ကိစ္စကတော့ သူတို့ရဲ့ `ခရာမှုတ်သူ´ (whistle blower) အခန်းကဏ္ဏကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြေပေါ် မီဒီ ယာတွေ ဘယ်လိုမှရဖို့ မလွယ်လောက်တဲ့ သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့ Journalist တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ `တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမတွေ´ (open-source newsrooms) တွေ online ပေါ်မှာ အပြိုင်းအရိုင်းပေါ်လာတာ ဘလော့ဂါ တွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင် စရာရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး media လောက သာမကတော့ဘူး၊ နိုင်ငံရေးလောက, ကပါ ဘလော့ဂါတွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီ ကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေအတွက် ဆိုက်ဘာ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေကြတဲံ ပထမဆုံး `ခရုဆိတ်တာ´တွေလို့တောင် အမွှန်းတင်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် အပြန့်ကျယ်လာ တာတော့ သေချာတယ်။ အခုလောလောဆယ် website ပေါ်မှာ blog သန်းပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ blogger ပရိသတ် (32) သန်းထိရှိလာပြီလို့ ဆိုပါ တယ်။ နယူးယော့တိုင်းမ်ဂျာနယ်လစ် `တောမတ်ဖရီးမင်း´ ကတော့ ဘလော့လှုပ်ရှားမှုကို `တံခါးမရှိ၊ ဓားမရှိ စူးစမ်းလေ့လာရေး´ (open-source) လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့ လည်း ဆိုပါတယ်။

BODY
ခန္ဓာ
ခန္ဓာ
ဗုဒ္ဓဓမ္မအလိုအရ လူအပါအ၀င် သတ္တ၀ါတွေရဲ့ ဖြစ်တည်မှုဆိုတာ ရုပ်နဲ့နာမ်ရဲ့ အစုအဝေးဖြစ်ပါတယ်။ ဒီအစုအဝေးကိုပဲ ခန္ဓာငါးပါးလို့ ခေါ်ပါတယ်။ ရုပ်ခန္ဓာတစ်ပါး (ရူပက္ခန္ဓာ) နဲ့ နာမ်ခန္ဓာလေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိဉာဏက္ခန္ဓာ) တို့ပါ။ လူသေပြီဆိုတာနဲ့ ရုပ်ခန္ဓာရော၊ နာမ်ခန္ဓာပါ အကုန်ချုပ်သွား ပါတယ်။
အိုင်တီအကြောင်းပြောရင်းက ဗုဒ္ဓဘာသာဘက် ရောက်သွားရတာ အကြောင်းရှိလို့ပါ။ ဆိုက်ဘာဓလေ့မှာ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာကို ခွဲခြားကြည့်မြင်တဲ့ အကောက်အယူတွေ ပေါ်လာလို့ ဖြစ်ပါတယ်။ လူဟာ ဆိုက်ဘာ ဓလေ့ထဲ ရောက်သွားတာနဲ့ ရုပ်ခန္ဓာကြီးဟာ မြေပေါ်မှာ ငုတ်တုတ်ကျန်ရစ်ပြီး နာမ်ခန္ဓာကသာ မိုးပေါ်တက် သွားတာလို့ ဆိုပါတယ်။ `အသွေးအသားကို ထားခဲ့ရတယ်´ (leaving the meat behind) လို့ဆိုတယ်။ ဒါကြောင့် ဆိုက်ဘာဓလေ့အတွေ့အကြုံဟာ `ရုပ်ခန္ဓာနဲ့ ကင်းကွာနေတဲ့ နာမ်ခန္ဓာရဲ့ အတွေ့အကြုံ (disembodimental experience) သာဖြစ်တယ်လို့ သဘောယူကြတယ်။
ဒီအတွေ့အကြုံကို ဆက်လက်ဆန်းစစ်ကြရာက ရုပ်ခန္ဓာ ကာယကံမြောက်မပါပေမဲ့ ဒီဆိုက်ဘာ အတွေ့အကြုံကို လူက သိရှိခံစားနိုင်တယ်။ တုန့်ပြန်နိုင်တယ်။ အစစ်အမှန်မဟုတ်ပေမဲ့ အစစ်အမှန်လိုပဲ အကျိုးသက်ရောက်မှု ရှိတယ် စသည်ဖြင့် ဖော်ထုတ်လာကြတယ်။ ဒီသဘောကို `ဗွီ-အစစ်အမှန်´ (virtual reality) လို့ အမည်ပေးထားတယ်။ `အစစ်အမှန်နီးပါး အရိပ်အယောင်ဘ၀´ လို့ ဆိုရလေမလားပဲ။
ဒီသုတေသနရဲ့ အစကို ပြန်ခြေရာခံလိုက်ရင် 1984 ခုနှစ်က ထွက်ခဲ့တဲ့ ၀ီလျံဂစ်ဆန်ရဲ့ (Neuromancer) ဆိုတဲ့ သိပ္ပံဝတ္ထုကို ပြန်ညွှန်းရပါလိမ့်မယ်။ ဒီဝတ္ထုထဲမှာ တကယ်လက်တွေ့ရှိနေတဲ့ လောကကြီးတစ်ခုကို ဆိုက်ဘာဓလေ့ထဲမှာ အတုဖန်ဆင်းကြည့်တယ်။ (ဆိုက်ဘာဓလေ့ဆိုတဲ့ ဝေါဟာရကိုလည်း ဂစ်ဆန်ကပဲ စထွင် ခဲ့တာပါ) နောက်ဆုံး လက်တွေ့လောကထဲက လူတွေသေသွားပေမဲ့ ဆိုက်ဘာလောက, က လူတွေ ဆက် လက်အသက်ရှင်ကျန်ရစ်တာကို ဇာတ်လမ်းဖွဲ့ထားတယ်။
သူ့ဝတ္ထုထွက်လာတော့ စာပေဝေဖန်ရေးဆရာတွေက ``ဒါ သိပ္ပံဝတ္ထုမဟုတ်ဘူး၊ ဂမ္ဘီရ၀တ္ထု´´ လို့ တိုက်ခိုက်ကြတယ်။ အိုင်တီပညာရှင်တွေကတော့ ပို့စ်မိုဒန်ကမ္ဘာကြီးရဲ့ ဥပမာတစ်ခုဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အဲဒီကတည်းက အလေးထားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဗွီ-အစစ်အမှန် သုတေသနစလာခဲ့တာပါ။ လူမှုဗေဒပညာရှင် တွေကတော့ ပိုပိုပြီး ရှုပ်ထွေးလာတဲ့ စက်နဲ့လူ့ရဲ့ဆက်ဆံရေးကို သံသယနဲ့စောင့်ကြည့်နေကြလေရဲ့။ နောက်ပိုင်း ဘိုင်အိုတက္ကနိုလိုဂျီ အရှိန်ရလာတော့ `ဗွီ-ဘာ´ သုတေသနနယ်ပယ်မှာ အိုင်တီသာမက ဘီတီပါ တွဲလာတယ်။ ဇီဝလူသာမ ဇီဝလွန်လူပါ ဖြစ်လာနိုင်စရာရှိတယ်လို့ တွက်ဆနေကြတယ်။ ဒါဆိုရင် လူ့သမိုင်းဟာ လည်း `လူသားလွန်သမိုင်း´ ဖြစ်လာတော့မယ်။ `လူ´ဆိုတဲ့ အထိုင်ပေါ်မှာ ဖွဲ့စည်းထားတဲ့ လက်ရှိဒဿန တွေ၊ လောကအမြင်တွေ အားလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့မယ်ဆိုပြီး စိုးရိမ်မကင်း ဖြစ်နေကြတော့ တယ်။
အတိအကျ ဘာသာပြန်ဖို့ ခက်သလို အလွန်အငြင်းပွားကြရတဲ့ ဝေါဟာရလည်း ဖြစ်ပါတယ်။ အသုံးအများ ဆုံး အဓိပ္ပါယ်တွေကို ရွေးထုတ်မယ်ဆိုရင်တောင် အနည်းဆုံး အဓိပ္ပါယ်ကွဲ (၃)ခုလောက် ရှိလိမ့်မယ်။
ပထမအဓိပ္ပါယ်က `ပထ၀ီဒေသတစ်ခုအတွင်း အတူပေါင်းစည်းနေထိုင်ကြတဲ့လူစု´ လို့ ရပါတယ်။ ရပ်ကွက် တစ်ခု၊ ကျေးရွာတစ်ရွာ၊ အသိုင်းအ၀ိုင်းတစ်ခု စသည်ဖြင့် နားလည်နိုင်ပါတယ်။ ဒုတိယအဓိပ္ပါယ်က ဒီထက် ပိုနက်တယ်။ `တူညီတဲ့ နှုန်းစံတန်ဖိုး၊ တူညီတဲ့ ယဉ်ကျေးမှုဓလေ့၊ တူညီတဲ့ ရည်မှန်းချက်တွေကို လူမှုအုပ်စု´ လို့ ဆိုပါတယ်။ အခုလို တူညီတဲ့ နှုန်းစံတန်ဖိုး၊ တူညီတဲ့ ယဉ်ကျေးမှုဓလေ့၊ တူညီတဲ့ ရည်မှန်းချက်တွေနဲ့ ဆွဲစုပြီး ယုံကြည်မှု တည်ဆောက်တာကို `လူမှုအရင်း´ (social capital) လို့ ခေါ်တယ်။ ဒုတိယအဓိပ္ပါယ်ကိုပဲ နောက် တစ်မျိုး ဖွင့်နိုင်ပါသေးတယ်။ `ကွန်မြူနတီဆိုတာ လူမှုအရင်းတစ်ခုကို ကိုယ်စားပြုတဲ့ လူစု´ပေါ့။ တတိယ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ `ကွန်မြူနတီဆိုတာ သတင်းတစ်ခုပျံ့နှံ့နိုင်တဲ့ `ခွင်´ ပါတဲ့။ အိုင်တီခေတ်မှာ အသုံးအများဆုံး ဖြစ်လာရုံမက အရေးအကြီးဆုံး ဖွင့်ဆိုချက်လည်း ဖြစ်ပါတ
`ဖာဒီနန်တော်နီ´ ဆိုတဲ့ လူမှုဗေဒပညာရှင်ကတော့ ကွန်မြူနတီကို `ဆိုဆိုက်ရတီ´ (society) ဆိုတဲ့ ဝေါဟာရနဲ့ယှဉ်ပြီး ချဉ်းကပ်ကြည့်တယ်။ ကွန်မြူနတီ (တော်နီရဲ့စကားနဲ့ဆိုရင် gemeinschaft) ဆိုတာ `မျိုးရိုး ဆက်စပ်မှု´ (Kinship) နဲ့နှောင်ဖွဲ့ထားတဲ့ တိုက်ရိုက်ဆက်ဆံရေး ဖြစ်တယ်။ အများညီ ကျင့်ဝတ်နှုန်းစံတွေနဲ့ ထိန်းထားတယ်။ ရာသက်ပန်တုပ်နှောင်မှုသဘောဆောင်တယ် စသည်ဖြင့် ရှင်းပြပါတယ်။ စက်မှုခေတ်မတိုင် ခင်က ရှိခဲ့တဲ့ စိုက်ပျိုးရေးအခြေခံ ဆက်ဆံရေးလို့ ဆိုပါတယ်။ (စောစောကပြောခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (၃) ခုထဲက ပထမနှစ်ခုနဲ့ အကျုံးဝင်ပါလိမ့်မယ်)
အစဉ်အလာ community ဆက်ဆံရေးကို စက်မှုတော်လှန်ရေးက ဖြိုချလိုက်ပြီး အဲဒီနေရာမှာ ဆိုဆိုက်ရတီ သဘောဝင်လာတယ်။ တော်နီက ဆိုဆိုက်ရတီကို (gesellschaft) လို့ အမည်ပေးပြီး ခုလိုရှင်းပြပါတယ်။ ဆိုဆိုက်ရတီဆိုတာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ပြဌာန်းထားတဲ့ ကန်ထရိုက်ဆက်ဆံရေးမျိုး ဖြစ်တယ်။ `အချုပ်အခြာအာဏာ´ (sovereignty) ဆိုတဲ့ အထောက်အယူနဲ့ စုစည်းထိန်းချုပ်တယ်။ စက်မှုခေတ်ရဲ့ ဆက်ဆံရေးပုံသဏ္ဌာန်လို့ ဆိုပါတယ်။
ခေတ်ပြိုင်နိုင်ငံရးသိပ္ပံပညာရှင် `ဖရန်ဆစ်ကူယားမား´ ကတော့ လက်ရှိအိုင်တီတော်လှန်ရေးရဲ့ အရှိန် အဟုန်အောက်မှာ ဆိုဆိုက်ရတီဆက်ဆံရေးတွေလည်း ပြိုကျနေပြီလို့ ကောက်ချက်ချတယ်။ ဒီတော့ ဆိုဆိုက် ရတီနေရာမှာ ဘာနဲ့အစားထိုးမလဲ ဆိုတဲ့ပုစ္ဆာ ပေါ်လာတယ်။ ဖူကူယားမားကတော့ community သဘော ပြန် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ စက်မှုခေတ်မတိုင်မီက ရှိခဲ့တဲ့ community မျိုးတော့ မဖြစ်နိုင် ဘူးလို့လည်း မှတ်ချက်ချတယ်။ အိုင်တီနဲ့အပြိုင် ဖြစ်ထွန်းလာတဲ့ ၂၁ ရာစု community သစ်လို့ ဆိုပါတယ်။
ဒီနေရာအရောက်မှာ စောစောက ပြောခဲ့တဲ့ တတိယအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချဲ့စဉ်းစားဖို့ လိုလာပါပြီ။ "community" ဆိုတာ သတင်းတစ်ခု ပျံ့နှံ့နိုင်တဲ့ `ခွင်´ ဆိုတဲ့ ဖွင့်ဆိုချက်ပါ။ `သတင်းတစ်ခုပျံ့နှံ့နိုင်တဲ့ခွင်´ ဆိုတာ technology ဖွံ့ဖြိုးမှုအဆင့်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဖွံ့ဖြိုးမှုအားကောင်းရင် သတင်းရေစီးဟာ `ခွင်´ကျယ်ပြန့်လိမ့်မယ်။ အားနည်းရင် `ခွင်´ ကျဉ်းမှာပေါ့။ ခြေလျင်သတင်းပို့ရတဲ့ခေတ် (မာရသွန်စစ်ပွဲ)၊ မြင်းနဲ့သတင်းပို့ရတဲ့ခေတ် (အမေရိကန်လွတ်မြောက်ရေးစစ်ပွဲ)၊ တယ်လီဖုန်း၊ ၀ါယာလက်စ် စတာတွေနဲ့ သတင်းပို့တဲ့ခေတ် (မနေ့တစ်နေ့က အီရတ်စစ်ပွဲ) ။ Technology အဆင့်ချင်းမတူသလို စစ်ပွဲတွေရဲ့ သဘာဝ ကလည်း ပြောင်းသွားတယ်။ community ဆိုတဲ့ ဝေါဟာရရဲ့ အကျယ်အပြန့်ဟာလည်း သဘာဝကျစွာ ပြောင်း သွားရပါတော့တယ်။

(C)
COMMUNITY
ကွန်မြူနတီ

Ref: ကျော်ဝင်း (ဆိုက်ဘာဓလေ့ အကောက်အယူများ)