Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts

2011-05-04

Data Storage သမိုင်းကြောင်း


1. Data Storage
၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။ အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။

၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ့ ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။
ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ ဈေးလည်း သက်သာလာတယ်။

IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ၀င်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။

၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ ဈေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။

၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ ဈေးသက်သက်သာသာ၊ disk-drive တွေကလည်း ဈေးကွက်မှာ ၀ယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။

၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။

နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ့ သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။
ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုဈေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ့ နေကြတာ မဟုတ်လား။

အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။

လူ့ဦးနှောက်မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ့ ရတယ်။

၂၀၁၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။

၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဥာဏ်မျိုးကို ရလာလိမ့်မယ်။

၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။

၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ့  သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေ က သိမ်းဆည်းနိုင်လိမ့်မယ်။

အင်တာနက် သုံးစွဲသူပေါင်း
၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။

ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် ဈေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ၀ယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ့ ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ့ ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်း ဖွံ့ ဖြိုးတိုးတက်လာဖို့ မျှော်လင့်မိပါတယ်။

Ref:

http://www.sizes.com/people/brain.htm
http://www.physorg.com/news143893844.html
http://www.zdnet.co.uk/news/desktop-hareware/
http://www.guardian.co.uk/business/2009/may/
http://www.networkworld.com/news/

Computer Magazine (No.48, April 2011 ) မှ ရေးသားချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

2011-04-29

Windows OS လုပ်ငန်းစဉ်များ


ကွန်ပျူတာ Power Button ကို စတင်ဖွင့်လိုက်သည်နှင့် အမာထည်လျှပ်စစ်စီးပြားများတွင် လျှပ်စစ်စတင်စီးဆင်း ပြီး Windows OS လည်ပတ်နိုင်လောက်သော ပစ္စည်းများ ပြည့်စုံရဲ့လား၊ ကောင်းမွန်စွာ လည်ပတ်နေရဲ့လားဆိုတာ စတင်စစ်ဆေးပါတယ်။ ၎င်းကို Boot Starting လုပ်တယ်လို့ ဆိုတယ်။
တပ်ဆင်ထားသည့် Hardware ပိုင်းဆိုင်ရာများဖြစ်တဲ့ Processor (CPU), Memory, Graphic Display, Hard disk အစ တပ်ဆင်ထားသမျှတို့ကို ကောင်းမွန်ကြောင်း အတည်ပြုချက် ရယူသည်ကို Power On Self Test (POST) လို့ ခေါ်ကြပါတယ်။
ပြီးလျှင် Windows OS ၏ စတင်ခြင်းအတွက် OS Boot ကို ရှာဖွေပါတယ်။ Hard disk မှာရှိလျှင် တန်းတက် သွားပြီး၊ Hard disk ပျက်နေလို့၊ ဒါမှမဟုတ် OS Boot မရှိလျှင် OS Boot Disk တစ်ခုခုပေးဖို့ တောင်းဆိုလာပါ လိမ့်မယ်။
ကွန်ပျူတာကို စတင်ဖွင့်လိုက်သည်နှင့် Windows OS စတင်ရန်အတွက် Boot File တွေ လိုအပ်ပါတယ်။ Windows OS အတွက် အရေးပါဆုံး System File တွေကတော့-

IO.SYS
CONFIG.SYS

MSDOS.SYS
AUTOEXE.BAT

NTDETECT.COM

တို့ ဖြစ်ပါတယ်။ ဒီထက်ပို သိသင့်တဲ့ Essential Startup Process File တွေကိုလည်း လေ့လာထားသင့်ပါ တယ်။ ၎င်းကို Boot or Root Directory လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ Essential Startup Process File အချို့ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


Ntldr
Windows စတင်မှုအတွက် Boot.ini File ကို ဖတ်ပါတယ်။ Windows စတင်ရန် မရှိမဖြစ် Ntoskrnl.exe, Bootvid.dll, Hal.dll တွေကို ရှာဖွေ မောင်းနှင်ပါတယ်။ ၎င်းတို့နှင့်အတူတကွ Device Driver တွေကိုလည်း ရှာဖွေ မောင်းနှင်ရပါတယ်။

Boot.ini
Windows စတင်မှုအတွက် Install Control File ဖြစ်ပါတယ်။

Ntdetect.com
Ntldr စတင်မှုတါင် ပါဝင်လုပ်ဆောင်ပါတယ်။ တပ်ဆင်ထားတဲ့ Basic Device တွေကို Executes and loading တွေကို တာဝန်ယူပါတယ်။

Pagefile.sys
Memory, Physical RAM တွေကို စစ်ဆေးအတည်ပြုပေးပါတယ်။ Windows OS လိုအပ်သော Memory ပမာဏနှင့် Application လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်အတွက် ဖြစ်ပါတယ်။

Ntbootdd.sys
Ntldr စတင်မှုတွင် ပါဝင်လုပ်ဆောင်ပါတယ်။ Boot-Code တွေကို disk တွေပေါ်မှာ ထိန်းချုပ်စီစဉ် ပေးပါတယ်။ Boot System နဲ့ System Drives တွေကို သဟဇာတဖြစ်အောင် စီမံပေးသူလည်း ဖြစ်ပါတယ်။


အထက်ပါ Essential Startup Process File တွေကို Hacker တွေ၊ Virus ရေးသူတွေဟာ မျက်စိကျကြပါ တယ်။ စနစ်တစ်ခုလုံး၏ အသက်သွေးကြောတွေ ဖြစ်နေလို့ပါ။

Source: ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း - Honest Hacking သန်းထိုက် (ရွှေရိပ်) စာအုပ်မှ ထုတ်နုတ် ဖော်ပြ အပ်ပါသည်။

2010-09-13

Memory ရဲ့ Transfer Rate ကို တွက်ချက်ခြင်း


Dynamic Random Access Memory ကို အများစုက memory လို့သာ ခေါ်ကြပါတယ်။ Memory အမျိုးအစား များစွာ ရှိပါတယ်။ Memory ကို ကွန်ပျူတာမှာ ယာယီမှတ်ဉာဏ်အနေနဲ့ အသုံးပြုပါတယ်။ Memory အကြောင်း ပြောရင် ဘယ်လောက်သိမ်းဆည်းပေးနိုင်သလဲဆိုတဲ့ size ကို သိထားဖို့ လိုပါတယ်။ ရှေးကတော့ ကွန်ပျူတာတွေ မှာ 256MB, 512MB သာ ပါဝင်ပေမယ့် ယနေ့ ကွန်ပျူတာတွေမှာ အနည်းဆုံး 1GB အထိ ပါဝင်လာပြီ ဖြစ်ပါတယ်။ Memory အကြောင်းပြောရင် memory speed ကို ချန်ထားလို့ မရပါဘူး။ Speed ဖြစ်တဲ့အတွက် သူ့ရဲ့ unit က Hz နဲ့ တိုင်းတာပါတယ်။ DDR memory တွေရဲ့ Speed က 266, 333, 400MHz ဆိုပြီး သုံးမျိုးရှိပါတယ်။

Memory နဲ့ CPU ဆက်သွယ်တဲ့အခါ data bus တွေကို အသုံးပြုရပါတယ်။ Pentium 4 တွေရဲ့ External data bus က 64 bit ဖြစ်ပါတယ်။ 8 bit ကို 1 byte ရှိတဲ့အတွက် 8 bytes ရှိပါတယ်။ DDR memory ရဲ့ data bus width က 64 bit (8 byte) ကို အသုံးပြုပါတယ်။ Memory ရဲ့ Speed နဲ့ bus width ကို မြှောက်ပေးရင် တစ်စက္ကန့်မှာ data ပို့ပေးတဲ့ transfer rate ကို ရရှိပါတယ်။

Transfer Rage = Memory Speed x Memory bus width
= 400 MHz x 8 bytes
= 3200 MB/s


DDR 400 MHz ရဲ့ transfer rate က 3200 MB/s ရှိတာကို သိလောက်ပါပြီ။ ဒီအတွက် PC 3200 လို့ ခေါ်ပါ တယ်။

SMAC in Numbers
Memory Technology Rated Clock Real Clock Maximum Transfer Rate
PC66 SDRAM 66 MHz 66 MHz 533 MB/s
PC100 SDRAM 100 MHz 100 MHz 800 MB/s
PC133 SDRAM 133 MHz 133 MHz 1,066 MB/s
DDR200 DDR-SDRAM 200 MHz 100 MHz 1,600 MB/s
DDR266 DDR-SDRAM 266 MHz 133 MHz 2,100 MB/s
DDR333 DDR-SDRAM 333 MHz 166 MHz 2,700 MB/s
DDR400 DDR-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-400 DDR2-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-533 DDR2-SDRAM 533 MHz 266 MHz 4,264 MB/s
DDR2-667 DDR2-SDRAM 667 MHz 333 MHz 5,336 MB/s
DDR2-800 DDR2-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-800 DDR3-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-1066 DDR3-SDRAM 1066 MHz 533 MHz 8,528 MB/s
DDR3-1333 DDR3-SDRAM 1333 MHz 666 MHz 10,664 MB/s
DDR3-1600 DDR3-SRAM 1600 MHz 800 MHz 12,800 MB/s

Resource: September | 2010 | Personal Computer ( ဦးအေးကိုကို၊ B.E (Electronics), FEB Computer Centre

2010-06-13

Hard Disk ပေါ်က သင့် Data တွေကို ရှင်းလင်းဖျောက်ဖျက်ရေး





အခြေအနေနဲ့ အချိန်အခါတွေ ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ကျွန်တော်တို့မှာရှိတဲ့ ကွန်ပျူတာ အဟောင်း ကလေးကို စွမ်းဆောင်ရည် ပိုကောင်းတဲ့ ကွန်ပျူတာအသစ်တစ်လုံးနဲ့ ပြောင်းလဲသုံးစွဲလိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိကြပါတယ်။
တကယ်လို့ ကွန်ပျူတာ အသစ်တစ်လုံးကို ၀ယ်လိုက်ပြီး ကိုယ့်ရဲ့ကွန်ပျူတာ အဟောင်းကလေးကို တခြား တစ်စုံ တစ်ယောက်ဆီ ပေးပစ်လိုက်မယ်ဆိုရင် မိမိ ကွန်ပျူတာအဟောင်းရဲ့ hard disk က data တွေကို ရှင်းလင်း ဖျောက်ဖျက် ပစ်ထားဖို့ လိုပါလိမ့်မယ်။
ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးစရာ ရှိလာပါတယ်။ ကိုယ်မသုံးတော့တဲ့ ကွန်ပျူတာရဲ့ hard disk ပေါ်မှာ ဘာပဲရှိရှိ အကြောင်းမထူးဘူးလို့ ဆိုနိုင်ပါတယ်။ အမှန်က hard disk ထဲမှာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အချက် အလက် data တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အရေးကြီး စီးပွားရေး အချက်အလက်တွေ၊ credit card နံပါတ်တွေ၊ password နံပါတ်တွေ ရှိနေနိုင်ပါတယ်။ ကိုယ် လှူဒါန်းပေးကမ်းလိုက်တဲ့ ကွန်ပျူတာက ဘယ်နေရာ၊ ဘယ်ဒေသက ဘယ်သူ့ဆီ ရောက်ရှိသွားမယ်ဆိုတာ မပြောနိုင်ပါဘူး။ ကွန်ပျူတာအဟောင်းက ကိုယ့်ရဲ့ ပြိုင်ဘက် ဒါမှမဟုတ် မသမာသူတွေရဲ့ လက်ထဲကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ အကယ်၍ မသမာ သူတွေလက်ထဲ ရောက်ရှိသွားပြီး သိမ်းဆည်းထားတဲ့ data အဟောင်းတွေကို ပြန်လည် ဖော်ထုတ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းက MIT လို့ ခေါ်ဆိုကြတဲ့ မက်ဆာချူးဆက်ပြည်နယ် နည်းပညာတက္တသိုလ်က ကျောင်းသားနှစ်ယောက်ဟာ နေရာဒေသမျိုးစုံကနေ hard disk အဟောင်း ၁၅၈ ခုကို ၀ယ်ယူခဲ့ကြတယ်။ အဆိုပါ ကျောင်းသားနှစ်ယောက်ဟာ သူတို့ ၀ယ်ယူခဲ့ကြတဲ့ hard disk အဟောင်းတွေကနေ credit card နံပါတ် ၅၀၀၀ ကျော်၊ ဆေးဝါးကုသရေး မှတ်တမ်းမှတ်ရာတွေ၊ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေ၊ ပုဂ္ဂလိက email များနဲ့ ညစ်ညမ်းစာပေ၊ ရုပ်ပုံအမျိုးမျိုးကို ဖော်ထုတ်ရရှိသွားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ မသုံးကြတော့တဲ့ ကွန်ပျူတာအဟောင်းတွေမှာ သိမ်းဆည်းထားတဲ့ data တွေကို ပြန်လည် ဖော်ထုတ်လို့ မရအောင် လုံးဝရှင်းလင်း ဖျောက်ဖျက်ပစ်ဖို့ လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။ စိတ်ချရအောင်ဆိုပြီး hard disk ကြီးကို တစ်စစီ ရိုက်ခွဲပစ်ဖို့လည်း မလိုပါဘူး။ ကွန်ပျူတာတစ်လုံးကို မထိခိုက်စေဘဲ ပြည့်ပြည့်စုံစုံ လှူဒါန်း ပေးကမ်းနိုင်အောင် data တွေကို ပြန်လည်ဖော်ထုတ်မရနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပါပြီ။ ကွန်ပျူတာ သုံးစွဲသူတွေ သိရှိစေဖို့ hard disk ထဲမှာ သိမ်းဆည်းထားတဲ့ data တွေကို လုံးဝ ရှင်းထုတ်ပစ်နိုင်တဲ့ နည်းလမ်း တွေကို အခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။


Hard disk ကို Format ချခြင်း၊ Delete လုပ်ခြင်း
Hard disk ထဲက data တွေအားလုံးကို ထုံးစံအတိုင်း format ချခြင်း၊ delete လုပ်ခြင်းတို့က လုံခြုံစိတ်ချမှု အပြည့်အ၀ မပေးနိုင်ပါဘူး။ ကွန်ပျူတာပေါ်မှာ ရှိတဲ့ delete key ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖျက် ခြင်းက ကွန်ပျူတာပေါ်မှာ တွေ့မြင်နေရတဲ့ shortcut ကိုသာ ဖျက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဖျက်လိုက်တဲ့ ဖိုင်တွေက hard disk ပေါ်မှာ ကျန်ရှိနေပြီး ဒီ data တွေကို အင်တာနက်ပေါ်က recovery software အမျိုးမျိုး ကို အသုံးပြုလို့ ပြန်လည်ဖော်ထုတ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ hard disk ကို format ချလိုက်ခြင်းက delete လုပ်လိုက်တာထက် အနည်းငယ်မျှ ပိုပြီး စိတ်ချ ရပါတယ်။ Hard disk ကို format ချလိုက်ခြင်းက hard disk ပေါ်က data တွေကို အပြီးအပိုင် ဖျက်လိုက်တာ မဟုတ်ပေမယ့် address table ကို ဖျက်လိုက်တာကြောင့် data တွေကို recovery လုပ်ဖို့ ပိုမိုခက်ခဲသွားစေပါ တယ်။ ဒါပေမယ့် ကွန်ပျူတာ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့တော့ data တွေရဲ့ အချို့တစ်ဝက် ဒါမှမဟုတ် အားလုံးကို ပြန်လည်ဖော်ထုတ်နိုင်ပါလိမ့်မယ်။ Hard disk ကို မတော်တဆ format ချလိုက်မိသူ တစ်ယောက် အတွက် recovery software တစ်ခုခုကို သုံးပြီး data တွေကို ပြန်ရှာနိုင်ခြင်းက ကောင်းမွန်ပေမယ့် မသမာသူ တွေက format ချထားတဲ့ hard disk တွေကို ပြန်လည်ဖော်ထုတ်နိုင်ခြင်းက ကွန်ပျူတာသုံးစွဲသူတွေအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။
တချို့ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ user အတော်များများက hard disk ကို format ချလိုက်ရင် စိတ်ချရပြီလို့ ထင်တတ်ကြတယ်။ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့ hard disk ကို format ချခြင်းဟာ data တွေကို ကွန်ပျူတာကနေ ရာနှုန်းပြည့် မဖယ်ရှားနိုင်မှန်း သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့် ပိုမိုစိတ်ချရတဲ့ နည်းလမ်းတစ်ခု နဲ့ ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်လာခဲ့ပါတယ်။ သင့်အနေနဲ့ format ချတာကို သဘောကျတယ်ဆိုရင်တောင် သင်က full format ကိုသာ အနည်းဆုံးအဆင့် အနေနဲ့ လုပ်သင့်ပါတယ်။ Quick format ကို မလုပ်သင့်ပါဘူး။


Disk Wiping လုပ်ခြင်း (aka.Data Dump)
Format ပြန်ချခြင်းထက် စိတ်ချရတဲ့ နည်းလမ်းကတော့ disk wiping ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ Disk wiping လုပ်ငန်းစဉ်ကို hard disk မှာတင်မကပဲ CD တွေ၊ RAID အစရှိတဲ့ data သိုလှောင်ရေး ပစ္စည်းတွေမှာလည်း လုပ်နိုင်ပါတယ်။ Disk wiping လုပ်ငန်းစဉ်က hard disk ပေါ်က data တွေကို ပြန်လည်ရှာဖွေလို့ မရနိုင်အောင် အပြီးအပိုင် ဖျက်ဆီးလိုက်တဲ့အတွက် စိတ်ချရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အရင် သိမ်းဆည်းထားတဲ့ data တွေကို recovery software အမျိုးမျိုးသုံးပြီး ပြန်လည်အသုံးပြုနိုင်ပေမယ့် disk wiping လုပ်ငန်းစဉ်ကတော့ hard drive တစ်လုံးပေါ်မှာ data တွေကို ကြိမ်ဖန်များစွာ overwrite လုပ်လိုက်တာ ဖြစ်တယ်။ Overwrite လုပ်လိုက်တဲ့ data တွေကို ပြန်လည်ဖော်ထုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
Disk wiping လုပ်ငန်းစဉ်က အမျိုးအစားအလိုက် ကွဲပြားခြားနားကြပေမယ့် အများအားဖြင့် တူညီတာက disk တစ်ခုလုံးပေါ်မှာ zero သို့မဟုတ် one ကို ရေးမှတ်တာပဲ ဖြစ်တယ်။ ပြီးမှ format ပြန်ချရပါတယ်။ Over-write လုပ်တဲ့အရေအတွက်နဲ့ format လုပ်တဲ့ အရေအတွက် များလာလေလေ၊ data တွေရဲ့ လုံခြုံမှုက ပိုစိတ်ချရ လေလေပါပဲ။ Disk wipe software တွေက master boot record partition table နဲ့ hard drive sector တိုင်းကို အချိန်တိုအတွင်း overwrite လုပ်နိုင်ပါတယ်။
အစိုးရ စံသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ (DoD5220.22-M) ကတော့ hard drive ပေါ်မှာ overwrite ခြောက်ကြိမ်ဖြစ်စေဖို့ သုံးကြိမ်တိုင်တိုင် ပြန်လည်ရေးသားပေးဖို့ သတ်မှတ်ထားတယ်။ လုပ်ဆောင်ချက်တစ်ခုစီ တိုင်းမှာ hard drive ပေါ်ကို နှစ်ကြိမ်တိုင်တိုင် write လုပ်ပေးတယ်။ ပထမ တစ်ကြိမ်မှာ hard drive ပေါ်ကို (1) ရေးခြင်းဖြစ်ပြီး ဒုတိယ တစ်ကြိမ်မှာ (0) ကို ရေးခြင်းဖြစ်တယ်။ တတိယ အကြိမ်လုပ်ဆောင်ပြီးတဲ့နောက် ရွေးချယ်သတ်မှတ်ထားတဲ့ code 246 ကို hard drive မှာ ရေးသားပေးတာ ဖြစ်တယ်။ နောက်ဆုံးအဆင့် အနေနဲ့ data တွေကို သေချာအောင် ပြန်လည်စစ်ဆေးပေးတယ်။
Operating system အမျိုးမျိုးအတွက် disk wipe လုပ်ပေးနိုင်တဲ့ software အမျိုးမျိုးကို ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါမှမဟုတ် online ပေါ်က အခမဲ့ download လုပ်ယူနိုင်ပါတယ်။ Disk wipe လုပ်ဖို့ အခက်အခဲ တစ်စုံတစ်ရာ ရှိနေရင်လည်း disk wipe services တွေကို လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေ ရှိနေပါတယ်။

Sourceး Computer User (15 June 2010) ထုတ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

2010-05-15

ကမ္ဘာ့အကောင်းဆုံးနည်းပညာ Logo များနှင့် အမှတ်တံဆိပ်များ

Microsoft
မိုက်ကရိုဆောဖ့် ကော်ပိုရေးရှင်း သည် ကမ္ဘာတွင် အကြီးမားဆုံး ဆောဖ့်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်ပါ သည်။ ကမ္ဘာ့ အသီးသီးမှ နှစ်စဉ် ရရှိသည့် ကုမ္ပဏီ ၀င်ငွေမျာ ဒေါ်လာ (၄၄.၂၈) ဘီလျံကျော် ရှိပါသည်။ မိုက်ခရိုဆောဖ့် ကုန်အမှတ်တံဆိပ် ၏ တန်ဖိုးမှာ ဒေါ်လာ (၅၉.၀၀) ဘီလျံ ဖြစ်၍ ကမ္ဘာပေါ်တွင် တတိယမြောက် စွမ်းအား အမြင့်ဆုံး ကုန်အမှတ် တံဆိပ်တစ်ခု ဖြစ်ပါသည်။
ဘီလ်ဂိတ်သည် ၁၉၇၅ ခုနှစ်တွင် စပ်တူအဖြစ် ပေါလ်အယ်လင်နှင့် တွဲဖက်၍ မိုက်ခရိုဆောဖ့်ကို တည်ထောင်ခဲ့ ပါသည်။ ယခုအခါ ဘီလ်ဂိတ်သည် ယင်းကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာ့အချမ်းသာ ဆုံး စာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ ၁၉၈၁ ခုနှစ် ဇွန်လ (၂၅)ရက်၏ နေ့တွင် ကုမ္ပဏီအား ကော်ပိုရေး ရှင်းအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ IBM ကွန်ပျူတာကုမ္ပဏီမှ ပုဂ္ဂလိကသုံး ကွန်ပျူတာများကို ၁၉၈၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်မိတ်ဆက်ဖြန့်ချိရာ၌ မိုက်ခရိုဆောဖ့်မှ ထုတ်လုပ်သည့် 16 bit အရွယ်အစားရှိ Operating System ဖြစ်သည့် MS-DOS 1.၀ ကို ထည့်သွင်း၍ မိတ်ဆက်ဖြန့်ချိခဲ့ပါသည်။
၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၀ါရှင်တန်၊ ရက်ဒ်မွန်းဒေသ၌ တည်ထောင်ထားသည့် ကုမ္ပဏီနယ် မြေသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ် မတ်လ ၁၃ ရက်တွင် မိုက်ခရိုဆောဖ့် ၊ ဆောဖ့်ဝဲပစ္စည်းများကို အများပြည်သူ သို့ ဖြန့်ချိခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၂ ရက်တွင် Windows 3.0 အမည်ရှိ ဆောဖ့်ဝဲအသစ်ကို ထုတ်လုပ်ခဲ့ပါသည်။ မိုက်ခရိုဆောဖ့် Windows မှာ၊ မူလက MS-Dos ၏ Operating System တွင် တွဲစပ်ထားသော အစိတ်အပိုင်းမျှ သာ ရှိရာမှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် သီးသန့်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။
ဘီလ်ဂိတ်သည် သူ၏ အမြော်အမြင်ကြီးမားမှုအတွက် ချီးကျူးဂုဏ်ပြုခြင်း ခံရသကဲ့သို့ သူ၏ စီးပွားရေး လုပ်နည်း လုပ်ဟန်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံရသူလည်း ဖြစ်ပါသည်။ မိုက်ခရိုဆောဖ့် ကုမ္ပဏီတွင် လက်ရှိ အမှု ဆောင်အရာရှိချုပ်အဖြစ် စတီးဗ်ဘော်လမာ၊ ဆောဖ့်ဝဲ ပိသုကာအဖြစ် ရေးအူဇီ တို့ကို ခန့်အပ်ထားရှိပြီး နိုင်ငံ ပေါင်း ၁၀၂ နိုင်ငံတွင် ၀န်ထမ်းဦးရေ ၇၆၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်လျှက် ရှိသည်။
မျက်မှောက်အိုင်တီခေတ်တွင် လူသုံးအများဆုံး အသိဥာဏ်ပစ္စည်း ကုန်အမှတ်တံဆိပ်ဖြစ်၍ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

Microsoft အမှတ်တံဆိပ် Logo ကို အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ဟန်ဒန်မြို့ရှိ
ယင်းကုမ္ပဏီရုံး၌ ချိတ်ဆွဲထားသည်ကို တွေ့ရပုံ
( မင်းရဲဦး)



မီးလ်ဝါဒ်ဘရောင်း၏ ကုန်အမှတ်တံဆိပ် အညွှန်းကိန်း သုတေသန ပြုချက်အရ အထက်ပါ ဂူးဂဲလ် အမှတ်တံဆိပ် သည် (၁၀)နှစ် သက်တမ်းသာ ရှိသေးသော်လည်း ကမ္ဘာတွင် စွမ်းအားအမြင့်ဆုံး တံဆပ်တစ်ခု ဖြစ်နေကြာင်း ဖော်ပြထားပါသည်။ ယင်းသုတေသနမှာ ကုန်အမှတ်တံဆိပ်များ၏ လက်ရှိ ဘဏ္ဍာရေးအင်အားနှင့် သုံးစွဲသူများ ၏ နှစ်သက်မှုကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်ပါသည်။
ဂူးဂဲလ်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ဒေါ်လာ ၂၅.၅၉ ဘီလီယံ ရှိပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ် စတင်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသော လာရီပိတ်ဂ်ျနှင့် ဆာဂျီဘရင်းတို့နှစ်ဦးသည် သုတေသန ပရောဂျက်တစ်ခုကို ၁၉၉၆ ခုနှစ် ဇန်န၀ါရီလတွင် စတင်ခဲ့ရာမှ ယခုကဲ့သို့ ကမ္ဘာကျော် အင်တာနက် ရှာဖွေရေး ယန္တရား (Search Engine) လုပ်ငန်းကြီး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့တွင် ဂူးဂဲလ်ကုမ္ပဏီကို ကယ်လီဖိုးနီးယား ပြည်နယ်၊ မင်လိုပါ့ခ်ဒေသ၌ မိတ်ဆွေတစ်ဦး၏ ကားဂိုဒေါင်တွင် စတင်အခြေချခဲ့သည်။ ဤကုမ္ပဏီသည် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်နှုန်း မြန်ဆန်မှုတို့ကြောင့် အမည်ကျော် ကြားပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် အများပိုင် ကုမ္ပဏီဖြစ်လာခဲ့သည်။
ပိတ်ဂ်ျနှင့် ဘရင်းတို့၏ အင်တာနက်ရှာဖွေရေးယန္တရားကို မူလက Back Rub ဟု အမည်မှည့်ခဲ့သေးသည်။ ယခု မှည့်ခေါ်နေသော ဂူးဂဲလ် (Google) အမည်မှာ 'googol' ဟူသော စကားလုံးမှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ တစ်ဂဏန်း၏ နောက်တွင် သုညပေါင်းတစ်ရာရှိသော ကိန်းကို ဆိုလိုသည်။
ဂူးဂဲလ်၏ အမှုဆောင် အရာရှိချုပ်မှာ အဲရစ်အီး-ရှမစ်ဖြစ်သည်။ ဤလုပ်ငန်းကို ပူးတွဲတည်ထောင်သူများဖြစ် သည့် ဆာဂျီဘရင်းနှင့် လာရီပိတ်ဂ်ျတို့မှာ နည်းပညာနာယကနှင့် ထုတ်ကုန်နာယကတို့အဖြစ် အသီးသီး ဆောင်ရွက်လျက်ရှိသည်။ နာစ်ဒက်စတော့ အိတ်ချိန်းစာရင်းတွင် ဤကုမ္ပဏီကို GOOG သင်္ကေတဖြင့် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယခု Google အမည်သည် အင်္ဂလိပ်အဘိဓာန်တွင်လည်း ကြိယာပုဒ်အဖြစ် ပါဝင်လာပြီဖြစ်သည်။ အဓိပ္ပာယ် ရှင်းလင်းချက်၌ 'ဂူးဂဲလ် ရှာဖွေရေး ယန္တရားသုံးစွဲ၍ အင်တာနက်မှ သတင်းအချက်အလက်များကို ရယူသည်' (To use the Google search engine to obtain information on the Internet) ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။
အထက်ပါ အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၁၉၃၁ / ၂၀၀၆ ဖြင့် မှတ်ပုံတင် ထားပြီး အများပြည်သူ သိရှိစေရန် ၆-၇-၂၀၀၆ ရက်နေ့တွင် သတင်းစာမှ ကြော်ငြာခဲ့ပြီးကြောင်း သိရှိရ ပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူးဒေသရှိ ရုံးချုပ်ရှေ့တွင် ဂူးဂဲလ်အမှတ်တံဆိပ်ကို တွေ့မြင်ရပုံ
(မင်းရဲဦး)


IBM
IBM ဟူသော အတိုကောက်စာလုံးဖြင့် လည်းကောင်း၊ 'Big Blue' ဟူ၍ လည်းကောင်း၊ လူသိများသော နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းသုံး စက်ပစ္စည်းကော်ပိုရေးရှင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အာမန့်ဒေသ တွင် ဌာနချုပ်ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်သည်။ ယင်းကုန်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ခန့်မှန်းခြေဒေါ်လာ ၅၉.၀၃ ဘီလီယံရှိပြီး ကမ္ဘာ့အဆင့် (၂)တွင် ရှိနေသည်။
၂၀၀၆ ခုနှစ်အထိ IBM သည် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာကုမ္ပဏီ ဖြစ်ခဲ့သော်လည်း ယခုအခါ ဟူးလက်-ပက်ကာ့ဒ်ကုမ္ပဏီက ကျော်တက်သွားသဖြင့် ဒုတိယအကြီးဆုံး ကုမ္ပဏီအဖြစ် ရှိနေသည်။ သို့ရာတွင် IBM သည် ကမ္ဘာ့ဒေသအသီးသီးတွင် ၀န်ထမ်း အင်အားပေါင်း (၃၅၀၀၀) ဖြင့် လုပ်ငန်း လည်ပတ်နေသောကြောင့် ကမ္ဘာ ပေါ်တွင် ၀န်ထမ်းဦးရေအများဆုံး အိုင်တီကုမ္ပဏီ ဖြစ်လေသည်။ ဤကုမ္ပဏီအား ၁၈၈၈ ခုနှစ်တွင် လက်နှိပ်စက် လက်ကွက်ဇယားခလုတ် ကုမ္ပဏီအဖြစ်တည်ထောာင်ရာမှ ၁၉၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မှတ်တမ်းဇယား တွက်ချက်မှု ကော်ပိုရေးရှင်း (CRT) အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် နယူးယောက်စတော့ အိတ်ချိန်းစာရင်း၌ ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဤကော်ပိုရေးရှင်း၌ အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၅၀ ပါဝင်လာခဲ့ပြီး IBM ဟူသော လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။
IBM ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်မှာ ဆင်မြူယယ်ဂျေပေါလ်မစ်ဆာနို ဖြစ်သည်။ အထက်ပါ ကုန်အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၄၀၂၉/၁၉၉၄ ဖြင့် လည်းကောင်း၊ ၄/၄၀၃၀/၁၉၉၄ ဖြင့်လည်းကောင်း မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးမျက်နှာစာတွင် IBM လိုဂိုကိုတွေ့ရပုံ (မင်းရဲဦး)

အိုင်ဘီအမ် IBM လိုဂိုသမိုင်း

အိုင်ဘီအမ် ကုမ္ပဏီနဲ့ သူ့ရှေ့က ကုမ္ပဏီများဟာ လိုဂိုနဲ့ အမှတ်တံဆိပ်များစွာကို တီထွင်အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ ရုံးသုံးပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး သူတို့ အမှတ်တံဆိပ်နဲ့ လိုဂိုများကို ကမ္ဘာက သိစေခဲ့ပါတယ်။

ပုံ (၁) ITR
ပုံအမှတ် (၁) မှာ မူလအစ အိုင်တီအာရ် ကုမ္ပဏီရဲ့လိုဂိုကို ဖော်ပြထားပါတယ်။

အိုင်တီအာရ်လိုဂို

အိုင်တီအာရ်လို့ခေါ်တဲ့ International Time Recording ကုမ္ပဏီ ITR ဟာ ပထမ ဦးစွာ ဘန်ဒီမန်နျူဖက်ချားရင်း ကုမ္ပဏီအဖြစ်နဲ့ နယူယော့ခ်၊ အောဘန်းမှာ စတင်ခဲ့ပါ တယ်။ အိုင်တီအာရ်ရဲ့ အဓိက ထုတ်ကုန်လိုင်းကတော့ ၁၈၈၈ မှာ ဘန်ဒီ တီထွင်ပြီး မူပိုင်လုပ်ခဲ့တဲ့ အချိန်မှတ်စက်များ ဖြစ်ပါတယ်။
အိုင်တီအာရ်ဟာ နောက်ပိုင်းမှာ ၁၉၁၁ မှာ CTR ဖြစ်လာတယ်။ အဲဒါဟာ အိုင်ဘီအမ်ရဲ့ ရှေ့ပြေးဖြစ်တယ်။

ပုံ (၂) CSC

၁၈၉၁ မှာ အိုဟိုင်းအိုမှ လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ အက်ဒွပ်ကန်ဒီနဲ့ အောရိန်းတို့ဟာ အသစ်တီထွင်ထားတဲ့ Computing Scale ကုမ္ပဏီကို ၀ယ်ယူခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ လိုဂိုကို ပုံ (၂)မှာ တွေ့နိုင်တယ်။






ပုံ (၃) CTR
၁၉၁၁ မှာ ITRC နဲ့ Tabulating Machine Company တို့ကို ချားလ်စ်ဖရင့် ဆိုသူက ပူးပေါင်းခဲ့ပြီး CTR ကုမ္ပဏီအဖြစ် ထူထောင်ခဲ့ပါတယ်။ ၁၉၁၄ မှာ ၀ပ်ဆင်ဟာ CTR ရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာတယ်။







ပုံ (၄ ) အိုင်ဘီအမ်
၁၉၂၄ မှာ CTRC ကုမ္ပဏီက IBMC ကုမ္ပဏီရဲ့ နာမည်ကို လွှဲယူလိုက်ပါတယ်။ အဲဒါ ကြောင့် CTR လိုဂိုဟာလည်း Business Machines စကားလုံးများနဲ့ အစားထိုးခံရ ပါတယ်။ အဲဒီကစလို့ အင်တာနေရှင်နယ်ဆိုတဲ့ စကားလုံးကိုလည်း ကြားထဲမှာ ထည့်သွင်းလာပါတယ်။ ဒါကြောင့် Business International Machines ဖြစ်လာပါ တယ်။





ပုံ (၆ ) IBM
အိုင်ဘီအမ်ကုမ္ပဏီဟာ ကွန်ပျူတာထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီး အသွင်သို့ တဖြည်း ဖြည်း ကူးပြောင်းလာခဲ့ပါတယ်။ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိုဂိုပုံစံကို ပြောင်းလဲခဲ့တယ်။
လိုဂိုအသစ်ဟာ Business Machines တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီ လ (၁)ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ IBM ဆိုတဲ့ စာလုံးကို ရိုးရိုးရှင်းရှင်းပဲ ဖော်ပြထားတာပါ။




ပုံ (၆) IBM
၁၉၅၆ ခုနှစ် မေလမှာ (သူမကွယ်လွန်မီ ရက်ပိုင်းအလိုမှာ) သောမတ်စ်ဝပ်ဆန်စီနီယာ ဟာ သူ့သားကို အိုင်ဘီအ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တရားဝင် လွှဲပြောင်းပေးခဲ့ ပါတယ်။
တွမ်ဝပ်ဆန်ဂျူနီယာဟာ အမြန်ဆုံး လှုပ်ရှားခဲ့တယ်။ လုပ်ဆောင်မှုတွေရော၊ သင်္ကေတ တွေပါ ခေတ်သစ်သို့ ပြောင်းခဲ့သည်။ ပထမဆုံး မြင်သာတာက ကုမ္ပဏီရဲ့ လိုဂိုပုံစံ ပြောင်းခြင်းပါ။ ဂရပ်ဖစ်ဒီဇိုင်နာ ပေါလ်ရန်းဒ်က လိုဂိုအသစ်ကို ဖန်တီးခဲ့ပါတယ်။


ပုံ (၇) IBM
၁၉၇၂ မှာ ကုမ္ပဏီဟာ လိုဂိုဗားရှင်းအသစ်ကို တီထွင်မိတ်ဆက်ခဲ့ ပြန်ပါတယ်။ အဲဒီ လိုဂိုအသစ်ကို ပေါလ်ရန်းဒါက ဖန်တီးပါတယ်။ ရေပြင်ညီ အစင်းကျားများနဲ့ ဖော်ပြထား ပါတယ်။ ဒီလိုနဲ့ အိုင်ဘီအမ်လိုဂို အမှတ်တံဆိပ်ဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက် ခဲ့ပြီး ကမ္ဘာ့လူသိအများဆုံးနဲ့ အကောင်းဆုံးတစ်ခု ဖြစ်လာခဲ့ပါကြောင်း။






YAHOO
၂၀၀၈ ခုနှစ်စာရင်းအရ အထက်ပါ လိုဂို၏တန်ဖိုးမှာ ဒေါ်လာ (၅၄၉၆) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂိုစာရင်း အမှတ်စဉ် (၆၅) တွင် ပါဝင်လျက်ရှိနေပါသည်။ YAHOO ဟူသော အင်တာနက် ရှာဖွေရေးလုပ်ငန်းကို ဒေးဗစ်ဖီလိုနှင့် ဂျယ်ရီရန်းတို့နှစ်ဦးက တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ဒေးဗစ်နှင့် ဂျယ်ရီတို့မှာ (Stanford University) စတန်းဖို့တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသည်။ သူတို့သည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တက္ကသိုလ်ဝင်းအတွင်း အခန်းငယ်တစ်ခု၌ အင်တာနက်ချိတ်ဆက်၍ သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာများကို ခြေရာကောက်ရှာဖွေသည့် အလုပ်ကို စတင်ခဲ့ကြသည်။ များမကြာမီ ပင် သူတို့၏ စိတ်ဝင်စားမှုမှာ ကြီးထွားသည်ထက် ကြီးထွားလာပြီး၊ ဒေါက်တာဘွဲ့စာတမ်းအတွက် အချိန်ပေးခြင်း ထက် မိမိတို့ဝါသနာပါရာ အင်တာနက်ချိတ်ဆက်စာရင်းပြုစုခြင်းကို အချိန်ပေးခြင်းက ပိုများလာသည်။ နောက်ပိုင်းတွင် ဒေးဗစ်နှင့် ဂျာရီတို့၏ အင်တာနက်စာရင်းများမှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာခဲ့ပြီး ရှုပ်ထွေးမှုများ ရှိနေသဖြင့် အမျိုးအစားအလိုက် ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်များ ခွဲခြားပြုစုခြင်းအားဖြင့် YAHOO ၏ လုပ်ငန်းကို စတင်မွေးဖွားပေးခဲ့သည်။
ဤ Web Site ၏ မူလအမည်မှာ ''ဂျယ်ရီနှင့် ဒေးဗစ်တို့၏ ကမ္ဘာ့ကွန်ယက်လမ်းညွှန်" ("Jerry and David's Guide to the World Wide Web") ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် အဘိဓာန်အကူအညီယူပြီး အဓိပ္ပါယ်ပြည့်စုံ သော အမည်သစ်ကို မှည့်ခဲ့သည်။ ၎င်းအမည်မှာ YAHOO (ရဟူး) ဟူ၍ ဖြစ်ပြီး၊ YAHOO မှာ စာလုံးအတို ကောက်ဖြစ်၍ အဓိပ္ပါယ်အပြည့်အစုံမှာ "Yet Another Hierarchical Officious Oracle" ဖြစ်သည်။ သို့သော် ဒေးဗစ်နှင့် ဂျယ်ရီတို့ကမူ YAHOO ဆိုသည်မှာ "ရိုင်းသူ၊ ကြမ်းသူ၊ ရက်စက်သူ" ဟု အဓိပ္ပာယ်ရကြောင်း အခိုင် အမာပြောဆိုလျက် ရှိကြပါသည်။


(မျိုးမဉ္ဖူ)


APPLE
အထက်ပါ လိုဂိုသည် ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုးဒေါ်လာ (၁၃.၇၂၄) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂို စာရင်းတွင် အမှတ်စဉ် (၂၄) ရရှိသော လိုဂိုဖြစ်ပါသည်။ Apple လိုဂိုသည် အမေရိကန်နိုင်ငံ Apple Computer Inc. မှ ပိုင်ဆိုင်သော လိုဂိုတစ်ခုဖြစ်ပြီး၊ ၂၀၀၅ ခုနှစ် စာရင်းများအရ လိုဂိုတန်ဖိုး (၇.၉၈၅) ဒေါ်လာဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၄၉) ချိတ်သော လိုဂိုဖြစ်သည်။ Apple ကုမ္ပဏီသည် ပထမဆုံး အနောက်ဘက်ကမ်းခြေ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်အတွက် လိုဂိုအသစ်တစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ရာမှ Apple လိုဂို စတင် ပေါ်ပေါက်လာခဲ့သည်။ Apple ကုမ္ပဏီမှ စတင်ထုတ်လုပ်သော Apple-1 computer များ ရောင်းချရာတွင် အသုံးပြုနေသည့် မူလလိုဂိုမှာ ပန်းသီးပင်အောက်၍ ထိုင်နေသော အိုက်ဇက်နယူတန်၏ ရုပ်ပုံနှင့်အတူ 'Newton' ထူးဆန်းသော အတွေးပင်လယ်ကိုဖြတ်ပြီး တစ်ကိုယ်တည်း အမြဲခရီးသွားနေသောစိတ်' ဟူသော စာသားတို့ ပါဝင်လေသည်။ Steve Jobs က Apple-1 ၏ ရောင်းအား နှေးကွေးရခြင်းမှာ ယင်း၏ လိုဂိုကြောင့် လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟု ယူဆကာ လိုဂိုဒီဇိုင်းအသစ်ထွင်ရာတွင် ကူညီရန် Regis Mckenna ကြော်ငြာအေဂျင်စီအား ငှားရမ်းခဲ့သည်။
ဤသို့ဖြင့် လူငယ်အနုပညာ ဒါရိုက်တာတစ်ဦးဖြစ်သူ Rob Janov ထံ Apple နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လွှဲပြောင်းပေးပြီး လိုဂိုသစ်အား ဒီဇိုင်းရေးဆွဲစေခဲ့သည်။ Janov သည် ကွန်ပျူတာများအား သုံးစွဲသူများထံ ရောင်းချနိုင်ရန်နှင့် ယင်းပစ္စည်းများသည် စိတ်ဝင်စားဖွယ်ကောင်းသော ပစ္စည်းအနည်းငယ်တွင် တစ်ခု အပါ အ၀င်ဖြစ်သည်ဟူသော အယူအဆနှင့်အတူ ပန်းသီးသဏ္ဍာန်ကို စတင်ရေးဆွဲခဲ့လေသည်။ ထို့အပြင် သေးငယ် သည့် သတင်းအချက်အလက်များပေးသော ကမ္ဘာအပေါ်ကျီစားလိုသည့်သဘောနှင့် ယင်းလိုဂို၏ အနုပညာ လက်ရာမြောက်မှုကို မြင်သာစေရန် ပန်းသီးတစ်ဖက်တွင် အချိုင့်ကွေးလေးတစ်ခုကို ထွင်းခဲ့သည်။ Janov အတွက်မူ ယင်းသို့ အချိုင့်ကလေး ပေါ်နေခြင်းမှာ ပန်းသီးအား ခရမ်းချဉ်သီးနှင့် ဆင်တူနေခြင်းမှ ကာကွယ်ရန် အတွက်ပင် ဖြစ်သည်။ သူသည် ပန်းသီးအား အသွင်မြူးကြွသော အစိမ်းရောင် အကိုင်းအခက်လေးဖြင့် စတင် ထားပြီး အနည်းငယ်တောက်ပကာ ပုံသဏ္ဍာန် ဆန်းပြားသော အရောင်အသွေး အနုအရင့်အမျိုးမျိုးတို့ဖြင့် ရောစပ်ထားသည့် ကန့်လန့်ဖြတ်အစင်းကြား ခြောက်ခုနှင့် ပုံဖော်ထားရာ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော လိုဂို တစ်ခု ဖြစ်လာခဲ့သည်။
Steve Jobs သည် လိုဂို၏ ဒီဇိုင်း၊ အသွင်အပြင်နှင့်ပတ်သက်ပြီး အသေးစိတ် ဂရုစိုက်ခဲ့လေသည်။ လိုဂိုအား ပြန်လည်ထုတ်လုပ်ရာတွင် ပို၍ လွယ်ကူစေရန် လိုဂိုအရောင် ခြောက်မျိုးအား အစင်းကြောင်း ပါးပါးလေးများဖြင့် ခွဲခြားရန် Janov က အကြံပေးသောအခါ Jobs က ငြင်းပယ်ခဲ့သည်။
Markkula သည် ပြပွဲတွင် ပြသရန်အတွက် လိုဂိုသစ်အား နောက်ခံအလင်းရောင်ပေါ်တွင် မီးခိုးရောင် ခပ်မှိုင်းမှိုင်း ပုံဖော်ထားသည့် ဆိုင်းဘုတ်နှင့်တွဲရန် ညွှန်ကြားခဲ့သည်။ ယင်းကုန်စည်ပြပွဲတွင် Apple ၏ ဆိုင်ခန်း သည် စီးပွားရေးနယ်ပင်တွင် နှစ်ရှည်လများ လုပ်ကိုင်နေသော သေးငယ်သည့် ကွန်ပျူတာများ ထုတ်လုပ်သည့် Processor Technology, IMSAI နှင့် Cromemco ကုမ္ပဏီ၏ ဆိုင်ခန်းများ၊ အခြား ကုမ္ပဏီများ၏ ဆိုင်ခန်းများ နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ပို၍ ကျွမ်းကျင်ကောင်းမွန်မှု ရှိနေခြင်းမှာ Markula ၏ ကျေးဇူးပင် ဖြစ်သည်။ Apple company ထက်ကြီးသော အခြားပါဝင်ပြသသည့် ကုမ္ပဏီများမှာမူ အနက်ရောင် ဖောင်တိန် ဖြင့် ရေးဆွဲထားသော ကတ်ထူစားပွဲတစ်ခုထက် မပိုပေ။
ပြပွဲတွင် ပါဝင်ပြသရန်အတွက် ဦးစွာ စာရင်းပေးသွင်းထားသူများထဲတွင် ပါဝင်သည့်အလျောက် Apple ၏ ဆိုင်ခန်းမှာ ၀င်ပေါက်အနားတွင်ရှိ၍ ခန်းမအတွင်းသို့ ၀င်ရောက်လာသူတိုင်း မြင်သာစေခဲ့သည်။ Apple ကုမ္ပဏီ သည် ကြီးမားသော ပြစက်ပေါ်တွင် လျှပ်တပြက်ဗွီဒီယိုရုပ်ပုံ အစီအစဉ်များကို ပြသကာ လူများ စိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင်ခဲ့သည်။ သို့သော် ပြပွဲအပြီးမှာမူ Homebrew Club အဖွဲ့ဝင်နှင့် Dr.Dobb's ဂျာနယ် ၏ အယ်ဒီတာတစ်ဦးဖြစ်သူ Jim Warren က Apple သည် လူသိများသော ပြပွဲတင်သူတစ်ယောက် မဟုတ်ဟု ထင်ခဲ့သည်။ ယင်းပြပွဲ သတင်းကို ရေးသားသော Byte မဂ္ဂဇင်းတွင်လည်း Apple အကြောင်း ဖော်ပြရန်ပင် ကျန်ခဲ့လေသည်။ လူများအပေါ် လွှမ်းမိုးသောသူများ၏ ဤသို့သော အစောပိုင်း ထင်မြင်ချက်များကို ရခဲ့သော် လည်း လအနည်းငယ်ကြာသောအခါ ယခင် Apple-1 ရောင်းရသည့် အရေအတွက်ထက် တစ်ရာကျော် ပိုများ သော အမှာစာ (၃၀၀)ကို Apple-2 အတွက် လက်ခံရရှိခဲ့လေသည်။
Ron Wayne ၏ ပန်းသီးတစ်လုံးနှင့် Newton ၏ ရုပ်ပုံပါသော မူလ Apple လိုဂိုမှာ အမှန်ပင်လှပသော လိုဂို တစ်ခုဖြစ်သည်။ သို့သော် ယင်း၏ အလှအပအားလုံးကြောင့်ပင် လိုဂိုမှာ ရှုပ်ထွေးခဲ့ရပြီး လိုဂိုအား အရွယ်အစား အမျိုးမျိုးဖြင့် အရေအတွက် များစွာထုတ်လုပ်ရာ၌ လွန်စွာခက်ခဲမည်ကို Steve Jobs က စိုးရိမ်သဖြင့် ပြင်ဆင် ပြောင်းလဲရန်နှင့် Regis Mckenna ကြော်ငြာလုပ်ငန်းဆီသို့သွားရောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမှန် တကယ် အသုံးပြုမည့် လိုဂိုအား ရေးဆွဲရန်တာဝန်မှာ Rob Janoff ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။ Mr.Janoff သည် Mac ၏ ပြောပရလောက်သည့် အကူအညီမပါဘဲ ဒီဇိုင်းအမျိုးမျိုးကို ကြိုးစားရေးဆွဲပြီးနောက် ရင်းနှီးပြီးသား သက်တံရောင်လိုဂိုပေါ်တွင် အခြေခံကာ ယခင်ထွင်းထားသည့် အချိုင့်ကွေးလေးအား ဆက်လက် ပါဝင်စေပြီး မြင်ရုံဖြင့် ပန်းသီးတစ်လုံးအဖြစ် သိနိုင်စေရန်နှင့် ပန်းသီးထက်မနည်း စိတ်ဝင်စားမှုရှိစေရန် ပုံဖော်ခဲ့ လေသည်။
နောက်ဆုံးတွင် 'ဆွဲခဲ့ဖူးသမျှ ဒီဇိုင်းများထဲတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးလိုဂို' ဟု Apple ၏ ဥက္ကဋ္ဌဖြစ်သူ Mike Scott ပြောခဲ့သည့် Apple လိုဂိုအား များစွာ နှစ်သက်ခဲ့ကြလေသည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ ယခင် သုံးစွဲခဲ့သည့် အဖြူရောင်လိုဂို၏ နေရာတွင် Apple လိုဂိုအား ပြောင်းလဲသုံးစွဲစေခဲ့လေသည်။
Apple လိုဂိုများကို မြန်မာနိုင်ငံ ရန်ကုန်မြို့ စာချုပ်စာတမ်းများရုံး၌ မှတ်ပုံတင်အမှတ် ၄/၄၃၇၈/၁၉၉၄ နှင့် ၄/၄၃၇၉/၁၉၉၄ တို့ဖြင့် မှတ်ပုံတင်သွင်းထားခဲ့ပြီး သတင်းစာများတွင် သတိပေးကြော်ငြာချက်များ ထည့်သွင်းခဲ့ ရာ ၁၈/၈/၂၀၀၃ ခုနှစ်တွင် နောက်ဆုံးကြေငြာထားခဲ့ကြောင်း သိရသည်။

(ခင်သင်္ဂီဖုန်း)

INTEL
အထက်ပါ အင်တဲ့လ် လိုဂိုသည် ကွန်ပျူတာဆော့ဖ်ဝဲများ၊ ကွန်ပျူတာပရိုဂရမ်များ၊ ကွန်ပျူတာမိုမိုရီများ၊ တစ်ဦး ချင်းသုံး ကွန်ပျူတာများ၊ လက်တော့ပ်ကွန်ပျူတာများ၊ နည်းပညာများကို အသုံးပြု ထုတ်လုပ်သော ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်နွယ်အသုံးပြု ပစ္စည်းများစသည်တို့အား တီထွင်ထုတ်လုပ်ရာတွင် ယနေ့ကာလထိတိုင် အောင်မြင်နေဆဲဖြစ်သည့် အမေရိကန်နိုင်ငံရှိ အင်တဲ့လ်ကော်ပိုရေးရှင်း (Intel Corporation) မှ ပိုင်ဆိုင်ထား သော လိုဂိုတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုး ဒေါ်လာ (၃၁.၂၆၁) ဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၇) ချိတ်သော လိုဂိုတစ်ခုဖြစ်သည်။ အင်တဲ့လ်ကော်ပိုရေးရှင်းကို ၁၉၆၈ ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၁၀၀) စာရင်းတွင် အင်တဲ့လ်ကော်ပိုရေးရှင်း ပါဝင်ကြောင်း သိရပါသည်။
ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည့် ၁၉၆၈ ခုနှစ်ကတည်းက အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဓိပ္ပါယ်လေးနက် ပြည့်စုံပြီး ထင်ရှားသော ပေါ်လွင်လှသော ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခု ရှိထားရန် မည်သို့မည်ပုံ အရေးကြီး ကြောင်းကို အမြဲသိရှိ လက်ခံထားလေသည်။ အင်တဲ့လ်သည် ၎င်း၏ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဈေးကွက်ချဲ့ထွင် မှုအတွက် ကျင့်သုံးသော မဟာဗျူဟာ၊ ကုမ္ပဏီ၏ အတွင်းပိုင်းစည်းရုံးလှုံ့ဆော်မှုနှင့် သတ်မှတ်ထားသော ဦးတည်ချက်သို့ရောက်အောင် ပူးပေါင်းဆောင်ရွက် သွားမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် အကောင်းဆုံးသော ကွန်ပျူတာအမှတ်တံဆိပ်အမျိုးအစားများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။
အင်တဲ့လ်မှ ပထမဦးဆုံး စတင်အသုံးပြုခဲ့သော လိုဂိုပုံစံမှာ အင် တဲ့လ် ဟူသော ရိုးရိုးရှင်းရှင်း သီးသန့်စာသား (word) တွင် "e" ဟူသော အက္ခရာကို အခြားသော အက္ခရာများနှင့် တစ်ပြေးတည်းမထားဘဲ အောက်သို့ နှိမ့်ချ ထားသော ပုံစံဖြစ်ပါသည်။ အဆိုပါ လိုဂိုဒီဇိုင်းအား ဆီလီကွန်ဘဲလ်လီ ပိုင်အိုးနီးယား ရောဘတ်သ်နွိုင်စီနှင့် ဂေါဒွန်မိုရီက ဒီဇိုင်းထွင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်တွင် တစ်ဦးချင်းသုံး ကွန်ပျူတာများတွင် ဆက်နွယ်ပတ်သက်သည့် ပစ္စည်းအမယ်များ ၊ သာဓကအား ဖြင့် ကွန်ပျူတာ key ခလုတ်များနှင့် ကွန်ပျူတာဆိုင်ရာ နည်းပညာများ ထည့်သွင်းမှုကို ဖော်ညွှန်းသည့် သင်္ကေတအနေအဖြစ် အင်တဲ့လ်လိုဂိုနှင့်အတူ "Intel inside" ဟူသော စာသားကို ထည့်သွင်းလာခဲ့ပြီး လိုဂိုသစ် အနေဖြင့် ထပ်မံမိတ်ဆက်ပေးခဲ့ပါသည်။ အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဆိုပါ လိုဂိုသစ်အား အများသိရှိ စေရန် ကြော်ငြာရာတွင် မည်သည့်ကြော်ငြာမဆို ထိုကြော်ငြာတွင် အင်တဲ့လ်လိုဂိုအား ထည့်သွင်းဖော်ပြပါက ထိုကြော်ငြာစရိတ်၏ တစ်ဝက်နှုန်းကို ကျခံပေးမည့် နည်းဗျူဟာကို အသုံးပြုခဲ့ပါသည်။ ထိုနည်းဗျူဟာကြောင့်ပင် လိုဂိုအသစ်သည် နေရာအတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရရှိပြီး လူသိများလာခဲ့ပါသည်။
၂၀၀၆ ခုနှစ်တွင် အင်တဲ့လ်ကော်ပိုရေးရှင်းသည် (Centrino) လက်တော့ပ်များနှင့် (Viiv) အိမ်သုံး ဖျော်ဖြေ တင်ဆက်မှုပစ္စည်းများတွင် ထည့်သွင်းမည့် ကွန်ပျူတာ ချစ်ပ် (chip)၊ တနည်းအားဖြင့် ကွန်ပျူတာမှတ်ဥာဏ် အမျိုးအစားသစ်တစ်ခုကို တီထွင်ထုတ်လုပ်မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ပစ္စည်းသစ်အား မိတ်ဆက်ပေးခြင်း သည် အင်တဲ့လ်လိုဂိုသစ် သတ်မှတ်ခြင်းနှင့် ကုမ္ပဏီ၏ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ကျင့်သုံးမည့် နည်းဗျူ ဟာတို့ကို ဖော်ထုတ်ဖွင့်ဟရန် ဖြစ်လာခဲ့ပါသည်။ ထို့ပြင် ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် ထူးခြားအရေးပါ သော အသွင်လက္ခဏာများစသည့် အချက်အလက်များကို ၀ယ်ယူသုံးစွဲမည့် ဖောက်သည်များအား အကောင်း ဆုံး ပြောပြနိုင်ခဲ့ပါသည်။ အင်တဲ့လ်လိုဂိုသစ်သည် ကုမ္ပဏီ၏ အတွင်းပိုင်း၌ အပြောင်းအလဲများ သိသိသာသာ ထင်ဟပ်နေပါသည်။ အဆိုပါ "e" ကို အခြားသော အက္ခရာများနှင့်အတူ တစ်ပြေးတည်း ပြန်ထားပြီး "Intel" ဟူ သော ကုမ္ပဏီနာမည်အား တစ်ဟုန်ထိုးလှည့်ပတ်နေသည့် ဟန်ပတ်လမ်းအတွင်း ထည့်သွင်းထားသော ဒီဇိုင်းနှင့် အတူ "ရှေ့သို့ တစ်ဟုန်ထိုး တိုးတက်ဦးဆောင်သွားမည်" ဟူသော ဆောင်ပုဒ်အား ထည့်သွင်းသော ပုံစံဖြစ်ပါ သည်။ လိုဂိုသစ်တွင် ဖော်ပြထားသည့် ဆောင်ပုဒ်အား ထိထိမိမိရှိလှသော ယင်းဆောင်ပုဒ်သည် နောင် အနာဂတ်တွင် နည်းပညာများ၊ ပညာရေး၊ လူမှုဆိုင်ရာတာဝန်များ၊ တီထွင်ထုတ်လုပ်မှု စသည့် နယ်ပယ်များတွင် ရှေ့မှ ဦးဆောင်သွားမည်သာမက ပိုနေမြဲ ကျားနေမြဲ အတိုင်း စိန်ခေါ်မှုမှန်သမျှကိုလည်း ရှေ့ကပင် ဦးဆောင် သွားမည်ဟူသော အင်တဲ့လ်ကုမ္ပဏီ၏ အနာဂတ်သို့ ဦးတည်သွားမည့် ရည်မှန်းချက်များကို ဖော်ညွှန်းနေပါ သည်။ အင်တဲ့လ် ကုမ္ပဏီသည် ရာစုနှစ်အတော်ကြာကြာခန့် ၀ယ်ယူသုံးစွဲသည့် ဖောက်သည်များ အသိဥာဏ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် တီထွင်ဖန်တီးမှုများ ပြုလုပ်ခြင်း၊ နည်းပညာများ တိုးချဲ့ခြင်းနှင့် ထုတ်ကုန် ပစ္စည်းများ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်းစသည်တို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ တီထွင်ဖန်တီးမှု များသည် အင်တဲ့လ်လိုဂို၏ အောင်မြင်မှု သက်သေများပင်ဖြစ်ပါသည်။
အင်တဲ့လ် အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်အမှတ် ၄/၃၃၉၉/၁၉၉၈ အရ စတင်မှတ်ပုံတင်သွင်းထားပြီး အများသိစေရန် သတိပေးကြေညာချက်ကို သတင်းစာတွင် ၅/၁၀/၁၉၉၈ ခုနှစ်၌ စတင်ထည့်သွင်း ကြေညာခဲ့ပြီး၊ နောက်ပိုင်းတွင် မှတ်ပုံတင်အမှတ် ၄/၃၈၁၄/၂၀၀၀၊ ၄/၁၀၆၈/၂၀၀၂ နှင့် ၄/၇၇၆၅/၂၀၀၅ များအရ အသစ်တစ်ဖန် မှတ်ပုံတင်သွင်းမှုများ ဆက်တိုက် ပြုလုပ် ထားပြီး အများသိစေရန် ကြေညာချက်ကို ၂၅/၁/၂၀၀၇ တွင် နောက်ဆုံးကြေညာထားကြောင်း လေ့လာတင်ပြ လိုက်ပါသည်။
(မီမီသော်)

Source : ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာလိုဂိုများနှင့် အမှတ်တံဆိပ်များ။

(ကလောင်စုံ)၊ စိတ်ကူးချိုချိုအနုပညာ။


2010-05-11

Password တွေ strong ဖြစ်ကြရလေအောင်


ဒီနေ့ခေတ်မှာ computer တွေရဲ့လုံခြုံရေးထက် အရေးကြီးတာ မရှိသလောက်ပဲဆိုတဲ့ အခြေအနေကို ရောက်လာ တာကြောင့် IT ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။ ကုမ္ပဏီတွေက IT ပညာရှင်တွေဟာ password policy ကို ချမှတ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ၀န်ထမ်းတွေကိုယ်တိုင်ကလည်း password အကြောင်း၊ security အကြောင်းကို နားလည်ပြီး လိုက်နာကျင့်သုံးလို့ရအောင် ရေးသားတင်ဆက်လိုက် ပါတယ်။
Computer သုံးစွဲသူ ၀န်ထမ်းတွေဟာ password တွေကို ဘယ်လိုမျိုးထားသင့်သလဲ၊ ပေးသင့်သလဲ မသိကြပါဘူး။ များသောအားဖြင့် မွေးနေ့၊ အမှတ်တရနေ့၊ နေရာ၊ ဇနီးအမည်၊ အိမ်မှာ ခွေးအမည် စသည်ဖြင့် အလွယ်တကူ ပေးတတ်ကြပါတယ်။ Password က မေ့နိုင်စရာ အကြောင်း မရှိတော့ပေမယ့် လွယ်လွန်းတော့လည်း ခိုးယူဖို့ လွယ်ကူသလို လုံခြုံစိတ်ချရမှုအတွက်လည်း အားနည်းနေတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။
Password ပေးတာနဲ့ပတ်သက်လို့ အနည်းဆုံး စာလုံး ၈ လုံးရှိရမှာဖြစ်ပြီး ဒီထဲကမှ အနည်းဆုံး ၃ လုံးဟာ upper-case ၊ lower-case ၊ special character တွေနဲ့၊ နံပါတ်တွေကို ရောစပ်ထားသင့်ပါတယ်။
စာတွေနဲ့ နံပါတ်တွေကို အပြန်အလှန် လဲသုံးသင့်တယ်။ [eg. O (အို) အစား 0 (zero) ၊ A အစား 4 ၊ L အစား 1 ၊ 3 အစား E ]

နံပါတ်တွေ ရေးမယ့်အစား one ၊ two ၊ three ဆိုပြီး စာသားအနေနဲ့ ရေးသင့်ပါတယ်။

Upper-case (capital) စာလုံးကို အစမှာပဲ မဟုတ်ပဲ နေရာအစုံမှာ သုံးပါ။ (eg. bLue ၊ happY)

Special character တွေဖြစ်တဲ့ (!@#$%^&*( ) { } [ ] စတာတွေကို သုံးဖို့ လိုပါတယ်။ စာသားအနေနဲ့လည်း သုံးနိုင်ပါတယ်။ (eg.happy 31=h@ppY3! ၊ H = !-L)

လူသားမများတဲ့ စကားလုံး၊ စကားစုတွေ သုံးပါ။

စာလုံးပေါင်းတွေကို လွှဲအောင်ပေါင်းပါ။
(eg-serious=sirius ၊ Class = Klass)

Password တွေကို ဖော်ပြပါ နည်းအတိုင်း အသုံးပြုခြင်းဖြင့် မှတ်ရလွယ်ကူပြီး hacker တွေအတွက် ဖော်ရ ခက်ခဲတဲ့ password တွေ ဖြစ်လာပါတယ်။ ခက်ခဲတဲ့ password အချို့ လက်တွေ့ ဖန်တီးကြည့်ရအောင်။

Friday frYday! Robert #rob ERt# 19 Peach Place One9peacHpl! I love Jill eYelov3Jill My dog Fritz Meyedogfr1tZ

ဒီဥပမာတွေဟာ မှတ်ရလွယ်ကူကြောင်း တွေ့ရပါတယ်။ မှတ်မိသလောက် စာလုံးအရှည်ကို စာတွေ upper-case ၊ lower-case ၊ နံပါတ်တွေ၊ special character တွေ အစုံပါအောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီနည်းနဲ့ ကုမ္ပဏီက ၀န်ထမ်းတွေကို သုံးခိုင်းရင် security policy ကို အထောက်အကူပြုမှာပါ။ ပြီးတော့လည်း သူတို့ရဲ့ social networking အသုံးပြုမှု၊ bank information ဆိုင်ရာတွေကိုပါ ကာကွယ်ပြီး ဖြစ်ပါလိမ့်မယ်။

Ref:
ကောင်းမြတ်
PC World Myanmar ( May 2010 )

2010-02-05

Hacker ဆိုသည်မှာ


Hacker ဆိုတဲ့ စကားအစစ်အမှန်ကို ငြင်းခုံဖို့ အများကြီးကောင်းတယ်။ သုံးချင်တိုင်း သုံးနိုင်တဲ့၊ သုံးချင်တဲ့ နေရာ တိုင်း သုံးနိုင်တဲ့ သဘောတွေဆောင်နေတာကိုလည်း တွေ့ရတယ်။ Hacker ဆိုတဲ့ ဝေါဟာရရင်းမြစ်ကို နားလည်ဖို့ လက်ရှိခေတ်အခြေအနေကို နားလည်ထားဖို့ လိုမယ်ထင်တယ်။
Hacking ဆိုတဲ့ ဝေါဟာရ ကွန်ပျူတာလောကထဲ ရောက်လာတာ ၁၉၆၀ လောက်ကတည်းက ဖြစ်ပါတယ်။ စတင်သုံးစွဲခဲ့တာကတော့ MIT (Massachusetts Institute of Technology) ကလို့ သိရတယ်။ MIT မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေထဲမှာ သူတို့က နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ Tools အုပ်စုနဲ့ Hackers အုပ်စုဆိုပြီးတော့ပါ။
Tool တွေက ကျောင်းမှန်မှန်တက်တယ်။ ကျောင်းချိန်ပြင်ပမှာ စာကြည့်တိုက်သွားပြီး အချိန်ဖြုန်းတတ်တယ်။ သူတို့ ရည်မှန်းချက်က အတန်းထဲမှာ "A" အဆင့်တွေချည်း ရဖို့ဖြစ်တယ်။ Hacker တွေကတော့ Tool တွေနဲ့ ဆန့်ကျင်ဖက်ပဲ။ ကျောင်းလည်း တက်ချင်မှ တက်တယ်။ တစ်နေ့လုံး အိပ်ချင်လည်း အိပ်နေတတ်တယ်။ ညဘက် ကျမှ သူများတွေ လည်ပတ်ချိန်၊ အနားယူချိန်၊ ရုပ်ရှင်ကြည့်ချိန်တွေမှာ သူတို့လေ့လာမှုတွေ လုပ်တတ်ကြတယ်။ သူတို့က သာမန်ဆိုတာလောက်ကိုပဲ သဘောတွေ့တတ်ကြတယ်လေ။
ဒါဆိုရင် ကွန်ပျူတာနဲ့ ဘာဆိုင်သလဲလို့ မေးစရာရှိတယ်။ ကွန်ပျူတာနဲ့ hacker မသက်ဆိုင်ဘူးလို့ ပြောလို့ မရတာကတော့ အမှန်ပဲ။ Hacker တွေမှာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့တယ်။ Tool တွေမှ A အဆင့်တွေ ရတာမဟုတ်ဘူး။ Hacker တွေလည်း အတန်းထဲမှာ A အဆင့်တွေနဲ့ အောင်မြင်မှုတွေ ရနေကြ တယ်။ Hacker တွေဆိုတာက သူတို့ဝါသနာပါတဲ့ တစ်ခုခုမှာ အာရုံစိုက်ပြီး စူးစိုက်နစ်မြှပ်ထားတတ်ကြတယ်။ ဒါကြောင့် တစ်ခုခုကို မလုပ်ချင်ရင်လည်း မလုပ်ဘူး။ လုပ်ပြီဆိုရင်လည်း မထတမ်း စွဲစွဲမြဲမြဲ လုပ်တတ်ကြတယ်။ တယ်လီဖုန်းတွေကို ကလိချင် ကလိမယ်။ သိပ္ပံဝတ္ထုတွေ ဖတ်ချင် ဖတ်နေမယ်။ အပျော်တမ်း ရေဒီယို အသံလွှင့် ကောင်းလွှင့်နေမယ်။ Hacker ဆိုတာ မော်ဒယ်လည်း ဖြစ်နိုင်တယ်၊ ကျောင်းသားလည်း ဖြစ်နိုင်တယ်၊ ပါမောက္ခ လည်းဖြစ်နိုင်တယ်။ ကွန်ပျူတာကိုင်မှ hacker မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာကို စူးစိုက်ပြီး လုပ်ချင်တာ လုပ်နေကြတာလည်း ဖြစ်နိုင်တယ်။ ၁၉၈၆ လောက်တုန်းက MIT မှာ hacker ဆိုတဲ့ အဓိပ္ပာယ်ကို ကွန်ပျူတာ hacker ဆိုပြီး သုံးခဲ့ကြတာ မဟုတ်ဘူး။ အဆောက်အအုံနဲ့ ပတ်သက်ပြီး "building hacker" လို့ သုံးခဲ့ကြတယ်။ ရေပိုက်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ ဘယ်သူမှ တက်ပြီး မလုပ်နိုင်တဲ့အလုပ်မျိုးတွေကို တက်ပြီးလုပ်နိုင်တဲ့သူ တွေကို hacker လို့ ခေါ်ကြတယ်။
ကွန်ပျူတာ hacker (computer hacker) ဆိုတာကတော့ ကွန်ပျူတာကို ကောင်းကောင်း နားလည်၊ စူးစူး စိုက်စိုက်လည်းလုပ်၊ ကွန်ပျူတာနဲ့ အရာရာကို အားထုတ်၊ ကွန်ပျူတာထဲမှာ ဘ၀ကိုနစ်မြှပ်ထားသူတွေကို ဝေါဟာရ ပြောင်းပြီး ခေါ်လာကြတယ်။ Hacker အမျိုးမျိုးရှိတယ်။ စိတ်ဓာတ်နဲ့ စိတ်ထားအပေါ်မူတည်ပြီး hacker တိုင်းကို တူတယ်လို့ မပြောနိုင်ဘူး။ ကွန်ပျူတာ programming ဆိုတာက ၀ါသနာပါမှ အောင်မြင်စွာ သင်ယူလို့ရတယ်။ Programmer တွေ ဆိုတာက ငွေကြေးအရချည်း လုပ်နေကြတာလို့ မှတ်ယူလို့ မရဘူး။ အချို့လည်း ပျော်လို့လုပ်နေကြတာ။ Program ရေးရင် ငွေရတယ်ဆိုတာ မှန်ပေမယ့် hacker လုပ်တိုင်း ငွေရဖို့ လုပ်တာလို့လည်း မှတ်ယူလို့ မရဘူး။ Hacker ဆိုတာ လူကြမ်းကြီးတွေ မဟုတ်ဘူး။ အလှရသကို ခံစားတတ်သူ တွေလို့လည်း ပြောနိုင်တယ်။
ကွန်ပျူတာ hacker တွေမှာ သူ့လိုင်းနဲ့သူ ရှိကြတယ်။ Algorithm hacker တွေက ပြဿနာရပ်တိုင်းကို စည်းကမ်းတကျ algorithm နည်းကျကျ ဖြေရှင်းလေ့ရှိတယ်။ System hacker တွေကျတော့ operating system တွေကို ဒီဇိုင်းထုတ်ဖို့ ပြင်ဆင်ထိန်းသိမ်းဖို့ စိတ်ဝင်စားကြတယ်။ Password hacker တွေကတော့ လူတွေရဲ့ ထိန်းသိမ်းထားတဲ့ password တွေကို လိုက်ပြီး ရှာဖွေဖော်ထုတ်နေတတ်သူတွေ ဖြစ်ပါတယ်။ ဒါတွေ ကတော့ Newsweek မဂ္ဂဇင်းက ဖော်ထုတ်ထားတဲ့ ဖွင့်ဆိုချက်တွေ ဖြစ်ပါတယ်။
System တစ်ခုရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်လို့ ငွေကြေးအရ အမြတ်ထွက်သွားတဲ့ သူခိုးလို ကောင်တွေကို hacker လို့ မခေါ်နိုင်ဘူး။ Hacker ဆိုတာ သူခိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။ Hacker လုပ်တာ သူများပစ္စည်းခိုးပြီး အသက်မွေးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ခံရမယ့် hacker ဆိုတာ 'ပညာရှင်' ပါ။ ပညာသင်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပညာတတ်ဖို့၊ ပညာရှာဖို့ ဘ၀မှာ အများကြီး ပေးဆပ် နိုင်တဲ့သူတွေ ဖြစ်ရမယ်။ Password Hacker ဆိုတာ system တွေ ဘယ်လို လုပ်တယ်ဆိုတာ သိချင်လို့ နောက်ကြောင်းလိုက်နေသူတွေပဲ ဖြစ်သင့်တယ်။ ဒါ့ကြောင့် သူအကြောင်းအရာတစ်ခုခုကို သိချင်လို့ မသိသိ အောင် ကြိုးပမ်းချင် ကြိုးပမ်းမယ်၊ အလွဲသုံးစားတော့ မလုပ်ဘူး။ မကောင်းတာလုပ်ဖို့ hacker ဘွဲ့ခံတာ မဟုတ် ဘူးဆိုတာတွေ သတိပြုစေချင်တယ်။

Hacker ကိုယ်ကျင့်တရားနှင့် ရသ

လူ့သမိုင်းဖြစ်စဉ်မှာ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတာပဲ။ လူတိုင်းလူဖြစ်လာပြီ ဆိုကတည်း က လူ့အသိုင်းအ၀ိုင်း လူမှုရေးနှင့် မလွဲမသွေ ပါဝင်ပတ်သက်လာရလိမ့်မယ်။ လူဆိုတာကလည်း သူ့အဆင့် အတန်းနဲ့သူ၊ သူ့ခံယူချက်နဲ့သူ ကိုယ့်ဘ၀ကိုယ် ပြဌာန်းတတ်ကြပါတယ်။
ကိုယ်ကျင့်တရားဆိုင်ရာ 'စံ' တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက စတင်ချိုးဖောက်လာခဲ့ကြ တယ်လို့ ဆိုရမယ်။ မှတ်မှတ်သားသား Immanuel Kant (1724-1804) ဆိုသူက စတင်ချိုးဖောက်ခဲ့တာလို့ ဆိုနိုင်တယ်။ Kant ဟာ ၂၀ ရာစုမှာတော့ အတွေးအခေါ်ပိုင်းမှာ အတော်လေး ထူးဆန်းစွာ တီထွင်တွေးခေါ် နိုင်ခဲ့သူလို့ ဆိုရမယ်။ သူက အစဉ်အလာ လူတွေ လက်ခံနေကြတဲ့ ကိုယ်ကျင့်တရားစံတွေကို ဆန့်ကျင်ခဲ့တယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို လုပ်ပိုင်ခွင့်အပြည့်ရှိဖို့ သူက အများကြီး တွေးခေါ် ဖော်ထုတ်ခဲ့တယ်။ သူက လူသားဆိုတာ ဘာ၊ လူ့တန်ဖိုးဆိုတာ ဘာ စတာတွေကို မိတ်ဆက်တင်ပြခဲ့တယ်။ Kant အတွေးအခေါ်တွေမှာ ၀ိရောဓိ ဖြစ်စရာ တွေ အများကြီးပဲ။ သူက "လူတိုင်းလွတ်လပ်ခွင့် ရှိတယ်။ လူတိုင်း စိတ်ကူးထဲမှာရှိတဲ့အတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ လူတိုင်းကို ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့် မရှိဘူးဆိုတာတွေကို ပြတ်ပြတ်သားသား သတ်မှတ်ပေးထား သင့်တယ်" စသဖြင့် ဖော်ထုတ်တင်ပြခဲ့တယ်။
Hacker တစ်ယောက်ဆိုတာ မွေးရာပါ ဖြစ်လာတာ မဟုတ်ဘူး။ လေ့ကျင့်မွေးမြူခဲ့မှ ရနိုင်တယ်။ Hacker တွေက hack ဆိုတာကို ဖန်တီးခဲ့တယ်။ ကွန်ပျူတာ ပရိုဂရမ်မှာ hack လုပ်ဖို့ ပရိုဂရမ်တွေ ပေါ်လာတယ်။ VisiCalc ဆိုတာ hack program တစ်ခုပေါ့။ ဒါပေမယ့် အဲဒါကို ရေးခဲ့တဲ့ programmer က hacker တော့ မဟုတ်ဘူး။ Hacker မှာ ကောင်းတာတွေလုပ်တဲ့ hacker ကောင်းတွေ ရှိသလို၊ မကောင်းတာတွေ လုပ်တဲ့ hacker ဆိုးတွေ ဆိုပြီး ပေါ်လာတယ်။
Hacker ဆိုတဲ့ စာအုပ်မှာ စာရေးသူ Steven Levy က "Hacker ကိုယ့်ကျင့်တရား" နဲ့ ပတ်သက်ပြီး အတော်လေး ရှည်လျားစွာ ပြောထားတယ်။ သူ့ဖွင့်ဆိုချက်မှာတော့ hacker ဆိုတာ လှည့်စားတတ်တဲ့ သဘော တွေ၊ မဟုတ်တာ လုပ်တဲ့ သဘောတွေ ပါနေတယ်။ ဒါကြောင့်လည်း သူက hacker ကိုယ်ကျင့်တရားဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ သူက hacker ကိုယ်ကျင့်တရားဆိုင်ရာ စံတွေအပြင် hacker ရဲ့ အလှနဲ့ ရသကိုပါ ဖော်ထုတ်ခဲ့တယ်။ ဥပမာ Richard Stallman ဆိုသူက သတင်းအချက်အလက်ကို မခိုးစေချင်ရင် ဗြောင်ဖွင့်ပေး ပေါ့လို့ ပြောခဲ့တယ်။ အမှား အမှန်ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လို့ ဆိုတယ်။ သတင်းအချက်အလက် တွေကို ထိန်ချန်တယ်၊ ဖုံးကွယ်တယ်ဆိုတာ အသုံးမ၀င်တော့ဘူး။ လူဆိုတာ ၀ှက်ထားတာတွေကို ပိုသိချင် တယ်။ ဖုံးထားရင် ဖွင့်ကြည့်ချင်တဲ့ ဗီဇတွေ ရှိနေတော့ လူ့သဘာဝကို နားလည်ဖို့လိုတယ်။
MIT မှာ hacker တွေ စပေါ်တော့ သူတို့အားလုံး ဘွဲ့ရပညာတတ်တွေ။ အလွန်ဆုံး အသက်တွေက ၂၀ ၀န်းကျင်လေးတွေပေါ့။ ဒီအရွယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ရသကို အခံစားတတ်ဆုံးနဲ့ ခွဲခြမ်းစိတ်ဖြာပိုင်းဖြတ် နိုင်ဆုံး အရွယ်လို့ ပြောရမယ်။
ကောင်းတာလုပ်ဖို့၊ မကောင်းတာလုပ်ဖို့ ဆိုတာကလည်း ပညာရေးနဲ့ သက်ဆိုင်သေးတယ်။ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်စဉ်းစား ပိုင်းဖြတ်နိုင်သူတွေသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်ပါတယ်။ သိသိကြီးနဲ့ မဟုတ်တာလုပ်ရင်ကတော့ ဥပဒေက ချမ်းသာပေးမှာ မဟုတ်ပါဘူး။


Ref:
-What is a Hacker?, by Brain Harvey (University of California, Berkeley)
-Personal computer February 2010 မှ ကူးယူဖော်ပြထားပါသည်။)

2010-01-20

MP3, MP4 Digital Player ဆိုသည်မှာ


MP3, MP4 Digital Player များကို လူကြီး၊ လူငယ်၊ ကလေးများပါမကျန် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ MP3, MP4 digital player များကို ပြုပြင်နိုင်သည်အထိ လေ့လာမည်ဆိုလျှင် ဦးစွာလေ့လာရမည်မှာ Audio CD Player မှ စတင်လေ့လာရပါမည်။ ရေဒီယို၊ ကက်ဆက်များတွင် အသုံးပြုခဲ့သော အသံစနစ်ကို Laser Disc လေဆာဓါတ်ပြားပေါ်တွင် တင်သွင်း အသုံးပြုရာမှ စတင်၍ Digital နည်းပညာဖြင့် တီထွင်အသုံးပြုခဲ့ပြီး Audio CD Disc ကို စတင်တီထွင်အသုံးပြုခဲ့ ပါသည်။ Audio CD အလွတ်တစ်ချပ်ကို အနည်းဆုံး (74)မိနစ်မှ အများဆုံး (80)မိနစ်အထိ အသုံးပြုနိုင်ရန် ထုတ်လုပ်ထား ပါသည်။ သီချင်းတစ်ပုဒ်ကို ခန့်မှန်းအချိန်ပမာဏ (5) မိနစ်ကြာလျှင် ၎င်း Audio CD ဓါတ်ပြားပေါ်တွင် သွင်းယူ ထားသော Audio Data File ၏ ပမာဏမှ 52 Milion Bytes 52MB ခန့်ရှိပြီး CD အလွတ်သည် (700MB/80Min) ဖြစ်လျှင် (52 Milion Bytes) ရှိ သီချင်းအပုဒ်ရေပေါင်း (13) ပုဒ်ခန့် တင်သွင်း ကူးယူနိုင်ပါသည်။ ဤသို့ Audio CD တစ်ချပ်ပေါ်တွင် ပုံမှန်သီချင်း ၁၃ ပုဒ်ဝန်းကျင်ခန့် တင်သွင်းကူးယူအသုံးပြု ခဲ့ရာမှ (700MB / 80Min) မိနစ် လေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းအပုဒ်ရေပေါင်း အနည်းဆုံး (130) အထိ ချုံ့၍ သွင်းနိုင်သော (MP3) စနစ်ကို တီထွင်အသုံးပြုနိုင်ခဲ့ပါသည်။
ဤသို့ လူနားနှင့်ကြားနိုင်သော ကြိမ်နှုန်းကို အရည်အသွေး ထိခိုက်ကျဆင်းခြင်းမရှိဘဲ ကောင်းမွန်စွာ အသုံးပြု နိုင်သည့် (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques) ကော်ပရက်ရှင်း တက္ကနစ် ဟူသော အကျဉ်းချုံ့နည်းဖြင့် (MP3 File) ဖြစ်အောင် လုပ်ဆောင်နိုင်သော နည်းပညာဖြစ်သောကြောင့်ဖြစ်ပြီး အသံအရည်အသွေးမှာ (Audio CD) အရည်အသွေးအတိုင်းပင် အသုံးပြုနိုင်ပါသည်။ ဤနည်းဖြင့် (52MB) ပမာဏရှိသော သီချင်းတစ်ပုဒ်ကို (5MB) အထိ ကျုံ့အောင်ချုံ့၍ သီချင်းအပုဒ်အရေပေါင်းများစွာကို အချိန် ကြာမြင့်စွာ ဆက်တိုက် အသုံးပြုနိုင်သဖြင့် ၎င်း (MP3 Files) စနစ်ကို လူကြိုက်များလာစေခဲ့ပါသည်။
ဤသို့ (A Factor Of 10 To 14) အထိ ချုံ့နိုင်သော (Compression Techniques System) စတင်တီထွင် အသုံးပြုခဲ့သော အဖွဲ့ကို (Moving Picture Experts Groups) ဟု ခေါ်ဆိုပြီး ၎င်းကို အတိုချုံ့ (MPEG) ဟု ခေါ်ဆိုသတ်မှတ်ခဲ့ပါသည်။
(Moving Picture Experts Group) ခေါ် (MPEG) ဟူသော လှုပ်ရှားပုံရိပ်ကျွမ်းကျင်သူများအဖွဲ့ က (1978, 1980) ပတ်ဝန်းကျင်ခန့်တွင် ရုပ်/သံ ထုတ်လွှင့်မှုဆိုင်ရာ နည်းစနစ်များကို (Audio And Video Compression Transmission Techniques System) အသံနှင့်ရုပ်ပုံကို အကျဉ်းချုံ့နိုင်သမျှ ချုံ့၍ ထုတ်လွှင့်နိုင်သော အဆင့် အတန်းစနစ်သို့ရောက်အောင် တီထွင်နိုင်ရန် ဖွဲ့စည်းခဲ့ပြီး ပထမဦးစွာ (MPEG) အဖွဲ့ကို (1988) ခုနှစ် မေလ တွင် ကနေဒါနိုင်ငံရှိ "အော့တ်တာဝါ" မြို့တွင် ကျင်းပခဲ့ပါသည်။
ဤသို့ဖြင့် စက်မှုလုပ်ငန်းအမျိုးမျိုးနှင့် နည်းပညာတက္ကသိုလ်အမျိုးမျိုး အပါအ၀င် သုတေသနအဖွဲ့အစည်း အမျိုးမျိုးတို့ဖြင့် စုပေါင်းဖွဲ့စည်းမှုမှာ တစ်စစဖြင့် ကျယ်ပြန့်ကြီးမားလာပြီး (2005) ခုနှစ်တွင် အဖွဲ့အစည်း စုစုပေါင်း (၃၅၀) ကျော်ခန့်ဖြင့် အင်အားကြီးမားစွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်း (MPEG) အဖွဲ့ကြီး၏ အသိအမှတ်ပြု အမှတ်အသား (Official Designation) မှာ (ISO/IEC TTCI/SC25 WG11) ဖြစ်ပါသည်။ ၎င်း (MPEG) အဖွဲ့မှ အဆင့်ဆင့် အောင်မြင်ခဲ့သော တီထွင်လုပ်ဆောင်မှုများကို (MPEG1, MPEG2, MPEG3, MPEG4,....) မှသည် (MPEG21) အထိ အဆင့်ဆင့် ပိုင်းခြားတီထွင် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

MPEG1 အဆင့်
(MPEG1) သည် (Audio) နှင့် (Video) ဆစ်ဂနယ်များကိုချုံ့၍ အသုံးပြုနိုင်ရန် (Data Format File) များကို (Encoded) ပြုလုပ်၍ (Data File) အသွင် ပြောင်းလဲအသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်း (MPEG1) အဆင့်တွင် (Layer3 Audio Compression Format) လည်း တစ်ခု အပါအ၀င်ဖြစ်ပြီး ၎င်း (MPEG) အဖွဲ့၏ တီထွင်မှု ဖြစ်သော (MPEG1 Layer3 Audio Compression Format ) သည် အသုံးပြုမှု အများဆုံးဖြစ်ပြီး ၎င်းကို (MP3) ဟု တင်စားခေါ်ဆိုခဲ့ကြပါသည်။ (MP3) ဆိုသည်မှာ (MPEG1) အဆင့်မှာ စတင်အောင်မြင်ခဲ့သော အသံကို အကျဉ်းချုံ့၍ စီဒီလေဆာဓါတ်ပြားတစ်ချပ်တွင် သီချင်းတစ်ပုဒ်ကို ပုံမှန် (52MB) မှ (5MB) အထိ ချုံ့ပေးနိုင်ခဲ့ပြီး ပုံမှန်သီချင်း (13)ပုဒ်ခန့် သွင်းယူနိုင်သော စီဒီလေဆာဓါတ်ပြားပေါ်တွင် သီချင်းအပုဒ်ပေါင်း (140) ခန့်အထိ သွင်းယူနိုင်ခဲ့သော (MPEG1 Layer3 Compression) ကို အတိုချုံ့၍ (MP3) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

MPEG2 အဆင့်
(MPEG1) အဆင့်တွင် (MP3 Data File) စနစ်ကို အောင်မြင်ထင်ရှားကျော်ကြားစွာ အသုံးပြုနိုင်ခဲ့သလို (MPEG2) အဆင့်တွင် (Digital Television) ဒီဂျစ်တယ် ရုပ်သံလွှင့်စနစ်များဖြစ်သော (ATSC, ISDB, Dish Network) နှင့် (Digital Satellite TV Series, Digital Cable Television Signals, SVCD, DVD) တို့တွင် (MPEG2) အဆင့်ကို အသုံးပြုခဲ့ပါသည်။ ဆိုလိုသည်မှာ (MPEG) အဖွဲ့၏ (MPEG2) အဆင့်တွင် (VCD, SVCD, DVD) တို့၏ (Data File) စနစ်ကို အဆင့်တိုးမြှင့်တီထွင် အသုံးပြုနိုင်ခဲ့ပါသည်။

MPEG3 အဆင့်
(MPEG) အဖွဲ့မှ (MPEG1, MPEG2) အဆင့်များ တီထွင်ခဲ့ပြီးနောက် ဆက်လက်၍ (MPEG3) ကို ထပ်မံ တီထွင်ကြိုးစားခဲ့ပြန်ပါသည်။ (MPEG3) သည် (Audio Video Signal) ကို အဆင့်မြင့်၍ အရည်အသွေး ကောင်းမွန်သော (Data File) အသစ်များအဖြစ် ပြုပြင်ပြောင်းလဲ အသုံးပြုသော စနစ်သည် (MPEG2)ထက် ပို၍ စွမ်းရည်မြင့်မားလာစေပါသည်။
(MPEG3) တွင် (Audio, Video) ဆစ်ဂနယ်ကို (Multi Resolution Compression) ရုပ်သံကို ချုံ့ယူရာတွင် ဘက်စုံ စံကိုက်တိုးတက်မှု ဖြစ်လာစေခြင်း ဖြစ်ပါသည်။

MPEG4 အဆင့်
(MPEG3) ထက်ပို၍ ရုပ်/သံ အရည်အသွေး အဆင့်မြင့် ကောင်းမွန်သော (MPEG4) စနစ်သည် (Computer Graphic Application) ၏ အဆင့်အတန်းအထိ တိုးမြင့်လာပြီး (3 Dimensional Shapes) သုံးဖက်မြင် ရုပ်ပုံ အဆင့်အထိ ဗီဒီယိုရုပ်သံအဆင့်ကို မြင့်မားစွာ အသုံးပြုနိုင်ပြီး (Proprietary Technologies) ကိုယ်ပိုင် နည်းပညာ အသုံးပြုနိုင်သော အဆင့်အတန်းအထိ တိုးတက် မြင့်မားလာစေပါသည်။
(MPEG4) မှ (MPEG8, MPEG11, MPEG21, MPEG A, MPEG B, MPEG C, MPEG E (ခေါ်) EVD, Multimedia Middle World Audio & Video Technologies) အထိ အသုံးပြုလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အထူးမှတ်သားရန်
(MP3) ဆိုသည်မှာ (MPEG1) ၏ (Audio Layer 3) ကို အတိုချုံ့ ခေါ်ဆိုခြင်းဖြစ်ပြီး (MP4) ဆိုသည်မှာ (MPEG4 Part 14) ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ (MPEG4 Part 14) ဖြင့် (Digital Audio) နှင့် (Digital Video) များကို (Internet) အင်တာနက်ပေါ်မှတစ်ဆင့် (Streaming Data) များအဖြစ် ရယူအသုံးပြုနိုင်ပြီး (MPEG4 Part 14 File) အတွက် (Official File Extension) ကို (*.mp4) ဟု သတ်မှတ်ပြီး ၎င်း၏ (Container Format) ကို (MP4) ဟု အတိုချုံ့၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်ခဲ့ကြပါသည်။ (MP3) သည် အသံအတွက်သာ အသုံးပြုနိုင်ပြီး (MP4) မှ အသံနှင့်ရုပ်ပုံနှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါသည်။

ဦးသန်းဆင့် (နေလင်းအီလက်ထရွန်းနစ်)
နည်းပညာအထောက်အကူပြု အီလက်ထရွန်းနစ်စာစဉ်
(အတွဲ (၉)၊ အမှတ် (၄)၊ ၂၀၀၉ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင် (၃)လတစ်ကြိမ် ထုတ်ဝေသည်။) မှ ကူးယူဖော်ပြထားပါသည်။

2009-12-23

Traditional Color Theory


အစဉ်အလာ အရောင်သဘောတရား

အိုင်းဆက်နယူတန် ၏ သုံးမြှောင့်ဖန်တုံးဖြင့် ထင်ရှားသော စမ်းသပ်ဖော်ထုတ် ညွှန်ပြမှုများသည် အရောင်သဘော တရားနှင့် ပတ်သက်၍ ကျွန်တော်တို့အတွက် အခြေခံ ရင်းမြစ်များပင် ဖြစ်ပါသည်။ သုံးမြှောင့် ဖန်တုံးတစ်ခုကို ဖြတ်သန်း၍ ဖြာထွက်လာခဲ့သော ရောင်ခြည်တန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အဖြစ် သက်တံရောင်စဉ်ကို နယူတန်သည် ဂရုစိုက် လေ့လာခဲ့ပါသည်။ ဤလက်တွေ့စမ်းသပ် ဖော်ထုတ်မှုအရ အလင်းသည် အရောင်၏ ရင်းမြစ်ဖြစ်ကြောင်း၊ နျူတန်က ကောက်ချက်ချနိုင်ခဲ့ပါသည်။
နယူတန်၏နောက်ပိုင်း ပညာရှင်အသီးသီးတို့သည် သမိုင်းစဉ်ဆက် အရောင်သီအိုရီစနစ်များကို စူးစမ်း လေ့လာ ဖော်ထုတ်ခဲ့ကြရာတွင် မူလအခြေခံအရောင်များအဖြစ် အ၀ါ၊ အနီနှင့် အပြာရောင် သီအိုရီ သဘောများကို အသီးသီး တင်ပြခဲ့ကြပါသည်။ ၎င်းတို့အနက် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု သုံးစွဲခဲ့ကြ သော မန်ဆဲလ် (munsell) ၏ အရောင်စနစ်မှာ ထင်ရှားခဲ့ပါသည်။

ပေါင်းစပ်ရောင်စဉ် The Additive Spectrum

အင်္ဂလန်မှ ရူပပေဗဒပညာရှင် သောမတ်စ်ယန်း (Thomas Young) (1773-1829) သည် နီ၊ ၀ါ၊ ပြာလို အခြေခံ သည့် အရောင်စနစ်အပြင် အနီ၊ အစိမ်း၊ အပြာ၊ အလင်းရောင်သုံးခု အတူတကွ ရောနှောပေါင်းတင်ခြင်းဖြင့် အဖြူရောင်အလင်းကို ထုတ်လွှတ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အနီ၊ အစိမ်းနှင့်အပြာရောင်တို့သည် အလင်း၏ အခြေခံအရောင်များဖြစ်ပြီး ၎င်းတို့ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်သည်။

အလင်းအခြေခံအရောင် အနီ၊ အစိမ်း၊ အပြာတို့ကို ၁၉၇၀ ပြည့်နှစ် ၀န်းကျင်က စတင်တွေ့ရှိခဲ့သည်။ ဂျာမနီမှ ဟာမန်ဗွန် ဟဲလ်ဟော့ဇ် (HermannVon Helmholtz) ၊ ဗြိတိန်မှ ဂျိမ်းစ်ကလပ်စ် မက်က်စ်ဝဲလ် (James Clark Maxawell ) စသည့် သိပ္ပံပညာရှင်များက အခြေခံအရောင်များကို အတိအကျ သတ်မှတ်တိုင်းတာခဲ့ခြင်း ဖြစ်သည်။

၁၈၇၉ ခုနှစ်တွင် နယူးယောက် ကိုလံဘီယာကောလိပ်မှ ရူပဗေဒပညာရှင် အော့ဒဲန်ရုဒ် (Ogdon Rood) က နီစိမ်းပြာ အခြေခံသည့် ရောင်စုံစက်ဝိုင်းကို တီထွင်နိုင်ခဲ့သည်။

အင်္ဂလန်မှ အေ အိတ်ခ်ျ ချာ့ခ်ျ (A.H Charch) နှင့် အာအေဟူစတန့် (R.A.Houstoun) မြူးနစ်မြို့မှ ၀ီလ်ဟမ် ဗွန်ဘီဇောဒ် (Wilhelm Von Bezold) စသည့် ပညာရှင်များ ၁၉၂၃ ခုနှစ်တွင် အမေရိကန် ပန်းချီဆရာနှင့် ကျောင်းဆရာ မစ်ရှယ် ဂျက်ကော့ဘ်စ် (Michal Jacobs) တို့သည် နီ၊ စိမ်း၊ ပြာ အရောင်သဘောတရားများကို အသီးသီး ဆန်းသစ်ဖော်ထုတ် လေ့လာတင်ပြခဲ့ကြသည်။

နေရောင်ခြည်မှ ရောင်စဉ်များဖြစ်သည့် သက်တံရောင်စဉ်များကဲ့သို့ပင် ပေါင်းစပ်ရောင်စဉ်သည် လျှပ်စစ် သံလိုက်လှိုင်းများဖြစ်သည့် လှိုင်းအလျား ၄၀၀ မှ ၇၄၀ နာနိုမီတာအတွင်းရှိ ရောင်ခြည်တန်းများ ပေါင်းစပ်ပါဝင် နေသော မြင်နိုင်စွမ်းရှိသည့် အလင်းရောင်ခြည်တန်းများ ဖြစ်ပါသည်။ အလင်းရောင်ခြည် လှိုင်းတိုအလျား 400nm မှ 500nm အတွင်း ခရမ်းရောင် Purple မှ အပြာရောင် Blue အထိကို လည်းကောင်း၊ လှိုင်းလတ် အလျား 500nm မှ 600nm ခန့်အတွင်း အစိမ်းရောင် (Green) မှ အ၀ါရောင် (Yellow) အထိကိုလည်းကောင်း၊ လှိုင်းအလျား အနီးဆုံး 600nm မှ 740nm အတွင်း လိမ္မော်ရောင် Orange မှ အနီရောင် Red အထိ လည်းကောင်း တွေ့မြင်နိုင်ပါသည်။

ပေါင်းစပ်ရောင်စဉ် Additive Spectrum ဟု ခေါ်ဆိုရခြင်းမှာ မူလအရောင် အနီ၊ အစိမ်း၊ အပြာ သုံးရောင် ပေါင်းစပ်ခြင်းဖြင့် ကြည်ပေါက်သော အဖြူရောင်အလင်းကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ထက်ပို၍ မူလအရောင် နှစ်ရောင်စီကို အချင်းချင်း တွဲဖက်ပေါင်းစပ်သောအခါ အလင်း၏ ဒုတိယ အရောင်များကို ရရှိစေ ပါသ်ည။ ဥပမာအားဖြင့် အစိမ်းရောင်အလင်းနှင့် အပြာရောင် ပေါင်းစပ်၍ အပြာရောင် (Cyan) ကို ရရှိပါသည်။ အနီရောင်အလင်းနှင့် အပြာရောင်တို့ ပေါင်းစပ်ခြင်းဖြင့် ပန်းသွေးနီရောင် (Magenta) ကို ရရှိပါသည်။ အစိမ်းရောင် အလင်းနှင့် အနီရောင်တို့ ပေါင်းစပ်ခြင်းဖြင့် အ၀ါရောင် (Yellow) ကို ရရှိစေပါသည်။ ထို့ကြောင့် အလင်း၏ ဒုတိယ အရောင်များသည် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့ ဖြစ်ပါသည်။

ဤပေါင်းစပ်ရောင်စဉ် သဘောတရား အရောင်စနစ်သည် အလင်းကို အခြေခံသော Medium များ ဖြစ်သည့် TV, Monitor, Projector များနှင့် Multimedia products များတွင် လက်တွေ့အသုံးပြုပါသည်။ ယနေ့ လူသိများ သော RGB mood အရောင်စနစ်တစ်ခုပင် ဖြစ်ပါသည်။

နုတ်ထုတ်ရောင်စဉ် Subtractive Spectrum

ပေါင်းစပ်ရောင်စဉ် Additive Spectrum ၏ ဒုတိယအရောင်များ ဖြစ်သည့် စိမ်းပြာ (Cyan) ၊ ပန်းသွေးနီ (Magenta) နှင့် အ၀ါ (Yellow) တို့သည် နုတ်ထုတ်ရောင်စဉ်၏ မူလအခြေခံ အရောင်များ ဖြစ်လာပါသည်။ အစဉ် အလာသဘောတရား၏ ဤယူဆချက် အရ အရာဝတ္ထုတစ်ခု၏ အရောင်များသည် အလင်းရောင်ခြည်များမှ နုတ်ထုတ်ခြင်းကို ခံရသည်ဟု ဆိုပါသည်။

RGB

ပေါင်းစပ်ရောင်စဉ်တွင် မူလအခြေခံ အရောင်များအဖြစ် အနီ (Red) ၊ အစိမ်း (Green) ၊ အပြာ (Blue) တို့ကို ဖော်ပြထားသည်။






CMYK

ရောင်စုံပုံနှိပ်ခြင်းနှင့် ပန်းချီရေးဆွဲခြင်းတွင် ရောင်ခြယ်ဆေးတို့၏ အလေ့အထကို ရှင်းလင်းဖော်ပြသောအခါ အနုတ်ရောင်စဉ် သဘောတရားသည် အသုံးဝင်သော ယူဆချက် ဖြစ်ပါသည်။ အလားတူ ဓာတ်ပုံလုပ်ငန်းတွင် လည်း အရောင်စစ်ထုတ်ခြင်း (Color Filter) ပြုရာ၌ အသုံးချနိုင်ပါသည်။ အကြောင်းမှာ အလင်းကို အရာဝတ္ထုက စုပ်ယူထားရှိခြင်းဖြင့် အရောင်များသည် အလင်းတန်းမှ နုတ်ထုတ်ခြင်းကို ခံကြရသည်။


အကြောင်းမှာ အလင်း သက်ရောက်ခံရသော အရာဝတ္ထုက အလင်းတွင် ပါရှိသော အရောင်တို့ကို စုပ်ယူထား ခြင်းကြောင့် ဖြစ်သည်။ မျက်စိဖြင့် မြင်တွေ့ရသော အရောင်များသည် အရာဝတ္ထုများမှ ထုတ်လွှတ်၍ ပြန်ထွက် လာသော ရောင်ပြန်များကို တွေ့မြင်ရခြင်း ဖြစ်သည်။ မျက်စိမှ ထုတ်ယူခဲ့ခြင်း မဟုတ်ပေ။

နုတ်ထုတ်ရောင်စဉ်များ၏ မူလအရောင်များဖြစ်သော Cyan, Magenta နှင့် Yellow တို့ကို ပေါင်းစပ်သောအခါ အနက် (Black) ကို ရရှိစေပါသည်။

ကျွန်တော်တို့သည် မူလအရောင်နှစ်ရောင်စီဟု အချင်းချင်း အတူတကွပေါင်းစပ်သောအခါ အနီရောင် (Red) ၊ အစိမ်းရောင် (Green) နှင့် အပြာရောင် (Blue) တို့ကို ရရှိစေပါသည်။ ထို့ကြောင့် အနီ၊ အစိမ်းနှင့် အပြာ (ပေါင်းစပ်ရောင်စဉ် additive spectrum ၏ မူလ အရောင်များ ) တို့သည် နုတ်ထုတ်ရောင်စဉ် Subtractive Spectrum ၏ ဒုတိယ အရောင်များ ဖြစ်ကြပါသည်။

Artist
များပြားလှသော အ၀ါ၊ အနီ၊ အပြာ တို့ ရှိသည့်အနက် ရောင်စဉ်စက်ဝိုင်းတွင် မူလအရောင်များအဖြစ် ဖော်ပြ ထားရာ ဤနေရာ၌ အပြာကို (Cyan) အဖြစ် ဖော်ပြထားပါသည်။

ပန်းချီအနုပညာရှင်များ၏ ရောင်စဉ် Artists' Spectrum

ယခုတိုင် ပန်းချီအနုပညာရှင်များ အစဉ်အလာ သုံးစွဲခဲ့ကြသော တတိယရောင်စဉ်တစ်ခုအဖြစ် ပန်းချီ အနုပညာ ရှင်များ၏ ရောင်စဉ် Artists' Spectrum ဟု ခေါ်ပါသည်။

အစဉ်အလာ အရောင်သဘောတရားအရ မျက်မှောက်ကာလတွင် ပန်းချီဆရာများ၏ ရောင်စဉ်စက်ဝိုင်းကို တည်ဆောက်ရာ၌ အ၀ါရောင် (Yellow) ၊ အနီရောင် (Red) နှင့် အပြာရောင် (Blue) တို့ကို မူလအရောင်စစ် (Primary Hues) များအဖြစ် စီစဉ်ဖော်ပြကြပါသည်။ ၎င်းတို့ သုံးရောင် အချင်းချင်း ပေါင်းစပ်ရာမှ ဒုတိယ အရောင်များအဖြစ် လိမ္မော် (Orange) ၊ အစိမ်း (Green) နှင့် ခရမ်း (Violet) တို့ကို ရရှိပါသည်။


ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။


Source of Computer User 15 October 2009

2009-12-15

လှေကားထစ်များ ရာဇ၀င်


လူဆိုတာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိဖို့အရေးကြီး သလို၊ ကိုယ်ဘာတော့ မဖြစ်နိုင်ဘူးဆိုတာ သိဖို့လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။

အထက်ပါ ဒဿနလေးကတော့ ဆရာ ဦးသောင်းတင် (KMD Computer) ပြောကြားတဲ့ စကားလေးပါ။ သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ ဆိုတဲ့ လှေကားထစ်များ ရာဇ၀င် စာအုပ်ထဲက ဆရာ ဦးသောင်းတင် ရဲ့ အကြောင်းအရာ လောက်ကိုသာ ထုတ်နုတ် တင်ပြထားပါတယ်။ သို့ပေမယ့် စာအုပ်ထဲမှာ ပါဝင်တဲ့ အခြားသော ဂုဏ်ယူဖွယ် ကောင်းတဲ့ မြန်မာ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များရဲ့ သူတို့ဖြတ်သန်းခဲ့ကြရတဲ့ ဘ၀ခရီးလမ်း အတွေ့အကြုံတွေ အကြောင်းကို ဖတ်ရှု့ရတာဟာလည်း လွန်စွာ စိတ်ဝင်စားဖွယ်၊ ဂုဏ်ယူအားကျဖွယ် ကောင်းပါတယ်။ ဒါကြောင့် ကျန်တဲ့သူများရဲ့ အကြောင်းအရာများကိုလည်း ဖတ်ရှု့ချင်တယ်ဆိုရင်တော့ ၀ယ်ယူပြီး ဖတ်ရှု့သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။
ယခုစာအုပ်၏ အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်း အားလုံးကို လူငယ်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ပြောင်းလဲမှု ကဏ္ဍများတွင် လှူဒါန်းသုံးစွဲသွားမည် လို့လည်း လှေကားထစ်များ ရာဇ၀င်ရဲ့ စာအုပ်မှာ ဆိုထားပါတယ်။
ကမ္ဘာနဲ့ချီပြီးပြောရင် Bill Gates ကို အားကျသလိုမျိုး တိုင်းပြည်နဲ့ချီပြီး ပြောပြန်မယ် ဆိုရင်တော့ ဆရာ ဦးသောင်းတင် ကို လေးစား ဂုဏ်ယူအားကျမိပြန်ပါတယ်။
ဒါကြောင့် ယခု post မှာ ဆရာ ဦးသောင်းတင် ရဲ့ သူဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်စဉ်ကို ဖတ်ရှု့ခြင်းအားဖြင့် ကျွန်တော်တို့ အိုင်တီသမားတွေ အတွက် မိမိကိုယ်ကို upgrade လုပ်ဖို့ရာ အားသစ်လောင်း လိုက်ရပါတယ်။

Download Now

File Type = Rar File

Size = 7.55 MB





2009-09-04

Graphic စွမ်းဆောင်ရည် တိုးတက်စေဖို့


Computer အသုံးပြုကြရာမှာ Monitor Screen ဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Screen ပေါ်မှာ မြင်ရတဲ့ စာလုံးတွေ သေးငယ်နေမယ်၊ ပုံရိပ်တွေေ၀၀ါးနေမယ်၊ Screen တုန်ခါမှုတွေ ဖြစ်နေမယ်ဆိုရင် စိတ်ညစ်ဖို့ ကောင်းလှသလို မျက်စိကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ Computer Display ပေါ်မှာ ကြည့်လို့ ကောင်းလာအောင် ပြုလုပ်နိုင်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Graphic Card နဲ့ တခြား Windows Setting တွေကို ချိန်ညှိမှုလေးတွေ ပြုလုပ်ပေးရုံနဲ့ အမြင်စွမ်းရည် ပိုကောင်းလာအောင် ပြုလုပ်နိုင်ပါတယ်။

PC ရဲ့ Graphic Card ကို သူ့ Windows Driver ကနေ ထိန်းချုပ်ပေးနေတာကြောင့် Card အတွက် နောက်ဆုံး ပေါ် Driver တွေ ရရှိဖို့ ကြိုးစားရပါမယ်။ ကိုယ်အသုံးပြုနေတာ ဘယ် version လဲဆိုတာသိရင် Desktop ပေါ်မှာ Right Click လုပ်ပြီး Properties ကို ရွေးလိုက်တဲ့အခါ Display Properties Dialog Box ပွင့်လာပါလိမ့်မယ်။ Setting Advanced-Adapter (XP မှာ Properties Driver) စသဖြင့် click လုပ်ပေးပါ။

Graphcis Card ထုတ်လုပ်သူရဲ့ Web Site အတွင်းဝင်ရောက်ပြီး နောက်ဆုံးပေါ် Driver Version ကို Download လုပ်ယူပါ။ ဒါပေမယ့် ကြိုတင်ထုတ် (Beta) Version ကို Install မလုပ်မိဖို့ သတိပြုရပါမယ်။ Beta ဆိုတာ အလုပ်လုပ်ဆဲ အဆင့်မှာသာရှိသေးပြီး အပြီးသတ် မလုပ်ရသေးတဲ့အတွက် ရရှိမယ့်အကျိုးအမြတ်ထက် ပြဿနာပေးနိုင်တာက ပိုပါတယ်။ Graphics Driver အားလုံးမှာ လုပ်ဆောင်နိုင်တဲ့ Setting တချို့ကို ဖော်ပြ ပေးထားပါတယ်။


Resolution

Screen ပေါ်မှာ ပြသပေးနိုင်တဲ့ Dot ၊ ဒါမှမဟုတ် Pixel (Picture Element ရဲ့ အတိုကောက်) အရေအတွက် ဖြစ်ပါတယ်။ Resolution ပိုများရင် တစ်လက်မ အကွက်အတွင်းမှာ ဖော်ပြပေးနိုင်တဲ့ Dot အရေအတွက် ပိုလာတဲ့အတွက် ပုံရိပ်တွေကို ပိုမိုပြတ်သားစေပါတယ်။ Monitor ကတော့ ပိုမြင့်တဲ့ resolution ကို လက်ခံ နိုင်ရပါမယ်။ Resolution မြင့်မားလာတဲ့အတွက် Graphics Board နဲ့ PC ပေါ်မှာ Processing တောင်းဆိုမှုတွေ တိုးတက် များပြားလာပါလိမ့်မယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ထုတ်လုပ်တဲ့ Computer တွေမှာပါရှိတဲ့ Graphics Card တွေဟာ 1024x768 Resolution ကို အနည်းဆုံး Support လုပ်နိုင်ပါတယ်။ တချို့ဆိုရင် 1600 x 1200 ထိတောင် Support လုပ်နိုင် ကြပါတယ်။ စနစ်ဟောင်းတွေမှာတော့ အမြင့်ဆုံး Resolution 800 x 600 အထိသာ Support လုပ်နိုင်ကြ ပါတယ်။

Screen Resolution ကို ချိန်ညှိလိုက်ရင်တော့ Display Properties ကို ဖွင့်ပြီး Setting ကို Click လုပ်ပါ။ 'Screen Area' ၊ ဒါမှမဟုတ် 'Screen Resolution Bar' ကို Higher (More) ၊ ဒါမှမဟုတ် Lower (Less) ဆီကို Slide လုပ်သွားနိုင်ပါတယ်။ Resolution ပိုမြင့်တာဟာ ပုံရိပ်အရည်အသွေး ပိုကောင်းလာစေပေမယ့် Icon တွေ၊ စာသားတွေနဲ့ တခြား Object တွေကို ပိုမိုသေးငယ်စေပါတယ်။ ကိုယ့်အတွက် ကြိုက်နှစ်သက်ရာ Setting ကို စမ်းသပ်ရွေးချယ်ရပါမယ်။ အများစုတို့အတွက် အလွယ်တကူ ဖတ်ရှုရနိုင်တဲ့ အမြင့်ဆုံး Resolution ဖြစ်ပါတယ်။


Color Depth

Graphics Card ကနေ Support လုပ်ပေးနိုင်တဲ့ Color အရေအတွက် ဖြစ်ပါတယ်။ Color အရေအတွက် ပိုသုံး ရင် ပုံရိပ်အရည်အသွေး ပိုကောင်းပေမယ့် သင့်စနစ်ပေါ်မှာ Processing တောင်းဆိုမှု ပိုများလာပါလိမ့်မယ်။

Graphics Card ရဲ့ Color-depth Setting တွေကို Display Properties ထဲရှိ Setting Tab အောက်မှ Color Dropdown Menu (XP မှာ 'Color quality') မှာ List လုပ်ပေးထားပါတယ်။ Pixel တိုင်းအတွက် သတ်မှတ် ပေးထားတဲ့ Bit အရေအတွက်နဲ့ ဖော်ပြပေးလေ့ရှိပါတယ်။ True Color (24-bit Color) ဟာ 16,777,216 Color ခွင့်ပြုနိုင်ပြီး High Color (16-bits) ကတော့ 65,536 Color Support လုပ်နိုင်ပါတယ်။ 16-bits Color ထက် ပိုနည်းရင် ပုံရိပ်တွေ ကြည့်မကောင်းတော့ပါဘူး။ Driver အတော်များများတို့ဟာ 8-bit (256 Colors) ၊ ဒါမှ မဟုတ် 16-bit (32,536 Colors) Setting တွေ ပေးမထားကြပါဘူး။ PC အသစ်တွေမှာဆိုရင် 32-bit Color ကို Support လုပ်ပေးထားပါတယ်။ Color ၁၆ သန်းအပြင် True Color အဖြစ် Color တွေ ပေါင်းထည့်ပေးထား ပါတယ်။ အလျင်အမြန်ရွေ့လျားတဲ့ 3D Game တွေမှာ အလွန်အသုံးဝင်ပေမယ့် သမားရိုးကျ Application တွေ မှာတော့ အနည်းငယ်သာ ကူညီနိုင်ပါတယ်။


Refresh Rate

Hertz ၊ ဒါမှမဟုတ် Cycles Per Second နဲ့ ပြသပေးပါတယ်။ Screen ပေါ်မှာ ပုံရိပ်တွေ Redrawn လုပ်တဲ့အခါ တစ်စက္ကန့်မှာ ဘယ်နှကြိမ် လုပ်နိုင်သလဲဆိုတာပါပဲ။ Refresh Rate သိပ်နိမ့်လွန်းရင် Screen တုန်ခါမှုတွေ ဖြစ်စေနိုင်ပါ တယ်။ Screen တုန်ခါမှုကို မတွေ့ရဘူးဆိုရင်တောင်မှ မျက်လုံးကို ဒုက္ခပေးနိုင်ပါတယ်။
တချို့က 72 Hz ထက် မနည်းသင့်ဘူးလို့ ဆိုပေမယ့် တချို့ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး 80 Hz ရှိသင့်တယ်လို့ ဆိုကြပြန်ပါတယ်။ Refresh Rate တွေကို စမ်းသပ်ပြီး ကိုယ့်အတွက် ကိုက်ညီမယ့် Rate ကို ရွေးချယ်သင့်ပါတယ်။ Refresh Rate သိပ်မြင့်လွန်းပြန်ရင်လည်း မကောင်းပြန်ပါဘူး။
Windows XP မှာ Screen ရဲ့ Refresh Rate ချိန်ညှိလိုရင် Display Properties ဖွင့်ပြီး Settings. Advanced. Adapter. List All Modes လို့ Click လုပ်ပေးပါတယ်။ Support လုပ်နိုင်တဲ့ တန်ဖိုးစာရင်းထဲကနေ Refresh Rate ၊ Screen Resolution နဲ့ Color Depth အတွဲတွေထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
တခြား Windows Version တွေမှာ Display Properties ကို ဖွင့်ပြီး Setting. Advanced. Adapter လို့ Click လုပ်ပါ။ 'Refresh Rate' Drop-down Menu ထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ အဲဒီ Option တွေ မတွေ့ရဘူး ဆိုရင် သင့် Graphic Card နဲ့ Monitor ဟာ Multiple Refresh Rates ကို Support မလုပ်နိုင်လို့ ဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်စရာ Option တွေ မမြင်တွေ့ရဘူးဆိုရင်တောင်မှ Screen ရဲ့ Resolution ၊ ဒါမှမဟုတ် Color Depth ကို လျှော့ချပေးခြင်းဖြင့် Display ရဲ့ Refresh Rate ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီ Specification သုံးခုဟာ Graphic စွမ်းဆောင်ရည် အတွက် အပြိုင်အဆိုင် အလုပ်လုပ်ပေးနေကြတာပါ။ ဒါကြောင့် Setting တစ်ခုကို တိုး၊ နောက်တစ်ခုကို လျှော့ စသဖြင့် ချိန်ညှိယူနိုင်ပါတယ်။ ဥပမာ- Color Depth ကို 32-bit ကနေ၊ 16-bit ကို လျှော့ချလိုက်ရင် Refresh Rate ကို 60Hz ကနေ 75Hz ထိ တိုးမြှင့်လို့ ရနိုင်ပါမယ်။ ဒါမှမဟုတ်ရင်လည်း Resolution ကို 800 x 600 ကနေ 1024 x 768 အထိ တိုးမြှင့်နိုင်ပါမယ်။
Windows ဟာ Screen ရဲ့ Refresh Rate ကို စိတ်ချရတဲ့အခြေအနေမှာ အလိုအလျောက် နေရာချထား ပေးပါတယ်။ ဒါပေမယ့် သင့် Monitor ကို Detect လုပ်လို့မရတဲ့အခါမှာ နှေးကွေးတဲ့ 60Hz မှာ ထားပေးပါတယ်။ Windows XP ဟာ သင့် Monitor ကို မှန်မှန်ကန်ကန် နားလည်သိရှိရဲ့လားဆိုတာ သိလိုရင် Display Properties ကိုဖွင့်ပြီး Settings. Advanced. Monitor လို့ Click လုပ်ပါ။ တကယ်လို့ သင့် Monitor ဟာ 'Monitor type' အောက်က စာရင်းထဲမှာ မပါ ရှိဘူးဆိုရင် ထုတ်လုပ်သူရဲ့ Web Site ကနေ Driver ကို Download လုပ်ယူရပါမယ်။
တခြား Windows Version တွေမှာ Plug and Play ကို Enable လုပ်ထားရဲ့လားဆိုတာ စစ်ဆေးပါ။ Display Properties ထဲက Setting Tab ပေါ်ရှိ 'Display' အောက်မှာ သင့် Monitor ကို ဖော်ပြပေးထားသလားဆိုတာ ကြည့်ပါ။ Advanced Monitor လို့ Click လုပ်ပါ။ Automatically Detect Plug & Play Monitors ကို Chech လုပ်ထားရဲ့လား ဆိုတာ စစ်ဆေးပါ။ တကယ်လို့ Check မလုပ်ရသေးရင် သူ့ကို Select လုပ်ပြီး Refresh Rate ကို Windows ရဲ့ Default 60Hz ကနေ ပိုမြင့်တဲ့ Rate မှာ နေရာချပေးလိုက်ပါ။


Direct X

Windows Component တစ်ခုဖြစ်တဲ့ Direct X ဟာ Multimedia လုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ လက်ရှိ Direct X ရဲ့ Version ကို စစ်ဆေးကြည့်လိုရင် Start. Run လို့ Click လုပ်၊ dxdiag လို့ ရိုက်သွင်းပြီး OK ကို Click လုပ်ပါ။ System Tab ကို ရွေးချယ်ပြီး Screen ရဲ့အောက်ပိုင်းရှိ System Information အောက်မှာ ရှာဖွေကြည့်ရှုပါ။ နောက်ဆုံး Version ကတော့ Direct X 9 ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ မရှိသေးရင် find.pcworld.com/34517 ကနေ Download လုပ်ယူနိုင်ပါတယ်။


Monitor ပေါ်က Control များ

ပုံရိပ်တွေရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ရာ Monitor ပေါ်မှာပါရှိတဲ့ Control တွေနဲ့ ပြုလုပ်နိုင်ပါ သေးတယ်။ ထုတ်လုပ်သူရဲ့ Model ပေါ်မူတည်ပြီး Option တွေ အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် Monitor အများစုပေါ်မှာ Brightness နဲ့ တခြား Control တွေ ပါရှိဖို့ များပါတယ်။


Brightness နဲ့ Contrast ကို ချိန်ညှိပါ

သင့် Screen ပေါ်မှာ Gray-Scale ပုံရိပ်တစ်ခု Display လုပ်ကြည့်ပါ။ (find.pcworld.com/34532 ကနေ အဲဒီ ပုံရိပ်မျိုး Download လုပ်ယူနိုင်ပါတယ်) ခြယ်ပေးထားတဲ့ Shade ၁၇ ခုကို ကောင်းကောင်းမြင်တွေ့ရဲ့လားဆိုတာ သေသေ ချာချာ ကြည့်ပါ။ Brightness နဲ့ Contrast ခလုတ်တွေသုံးပြီး ညှိပေးပါ။



Center and Align

Monitor ပေါ်က Screen အထားအသို Control တွေသုံးပြီး ပုံရိပ်ကို Screen အလယ်တည့်တည့် ရောက်အောင်နဲ့ အနားသတ်အစွန်းများ ဖြောင့်တန်းနေအောင် ချိန်ညှိပါ။ မျက်စိထိခိုက်မှု မဖြစ်စေဖို့နဲ့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက် ခြင်းစတဲ့ တခြားပြဿနာတွေကနေ ရှောင်ရှားနိုင်အောင် Screen ရဲ့ ထိပ်ပိုင်းကို မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေအောင် နဲ့ ခေါင်းနဲ့တစ်တောင်ကျော် အကွာအဝေးလောက်မှာ ထားပါ။ အဲဒီ အနေအထားကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ Screen ကို အလင်းရောင် တိုက်ရိုက်မကျနိုင်တဲ့ဘက် လှည့်ထားပေးပါ။ အဲဒီလို မဖြစ်နိုင်ဘူးဆိုရင် Glare Filter တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။


သန့်ရှင်းရေးပြုလုပ်ပါ
Screen ကို နူးညံ့ပျော့ပျောင်းပြီး စိုထိုင်းတဲ့ အ၀တ်စနဲ့ ညင်ညင်သာသာ ပွတ်တိုက် သန့်စင်ပေးပါ။ Screen မှာ အရမ်း ညစ်ပေနေရင်တောင်မှ Cleaning Solution တွေ အသုံးပြုခြင်းမှ ရှောင်ရှားသင့်ပါတယ်။ Screen ပေါ်မှာ Coat လုပ်ထား တာတွေ ပျက်စီးကုန်စေနိုင်ပါတယ်။ Monitor အိမ်ခွံပေါ်က လေ၀င်လေထွက် အပေါက်တွေမှာရှိတဲ့ အညစ်အကြေးတွေ ကို သန့်ရှင်းရေးလုပ်ပေးပါ။ အပူလွန်ကဲခြင်းဟာ Monitor ပျက်စီးစေဖို့ ဦးတည်စေနိုင်ပါတယ်။


Graphic ပြဿနာ
တကယ်လို့ Screen ပေါ်မှာ ဘာမှ ပေါ်မလာဘူးဆိုရင် Monitor Cable ချောင်နေခြင်း၊ Power ကြိုးတပ်မထားခြင်း၊ Brightness Setting ကို အနိမ့်ဆုံးမှာ ထားမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် Monitor ပျက်သွား လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ရာ လောင်ကျွမ်းတဲ့အနံ့ ထွက်လာခဲ့ရင်၊ တဖျစ်ဖျစ် အသံတွေကြားရရင် Monitor ကြွသွားပြီလို့သာ မှတ်လိုက်ပါ။ အလျင်အမြန် မီးပိတ်လိုက်ပါ။ Monitor တွေဟာ သူ့အလိုလို လောင်ကျွမ်းမှု ဖြစ်နိုင်တဲ့ အမျိုးအစားပါ။
အသုံးမကျ၊ ပျက်စီးနေတဲ့ Graphics Driver တွေဟာလည်း PC ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ Graphics Driver ပျက်စီးယိုယွင်းနေသလားဆိုတာ စစ်ဆေးဖို့ Windows နဲ့ ပါရှိလာတဲ့ VGA Driver ကို Install လုပ်ကြည့်ပါ။ ပြဿနာ မဖြစ်တော့ဘူးဆိုရင် Monitor ရဲ့ မူလ Driver ၊ ဒါမှမဟုတ် Updated Version တစ်ခုကို Install လုပ်ပါ။
တချို့ Graphic Card တွေဟာ တခြား Hardware Device တွေနဲ့ အလုပ်မလုပ်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ Windows ဟာ Graphics Acceleration Function တွေကို Disable လုပ်ပိုင်ခွင့် ပေးထားပါတယ်။ Display Properties ကိုဖွင့်ပြီး Setting. Advanced. Troubleshooting (XP နဲ့ 2000) ၊ ဒါမှမဟုတ် Setting. Advanced. Performance (98 နဲ့ Me) လို့ Click လုပ်ပါ။ Hardware Acceleration အောက်မှာရှိတဲ့ Slider ကို ဘယ်ဘက်အစွန် ဆုံးရွေ့ပြီး Disable လုပ်နိုင်ပါတယ်။
Screen ပေါ်မှာ ပုံရိပ်တွေ တုန်ခါနေမယ်၊ မှုန်ဝါးနေမယ်ဆိုရင် အနီးအနားမှာ သံလိုက်စက်ကွင်း ရှိနေလို့ပါပဲ။ နာရီ၊ လျှပ်စစ်မော်တာ သုံးတဲ့ပစ္စည်းတွေ၊ လျှပ်စစ်အား အသုံးများတဲ့ ပစ္စည်းတွေကို Monitor နဲ့ ဝေးဝေးမှာထားပါ။ နံရံနောက် ကွယ်မှာ သွယ်တန်းထားတဲ့ Power လိုင်းတွေဟာလည်း အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါကြောင့် Monitor ကို နံရံ နဲ့ ဝေးဝေးထား သုံးသင့်ပါတယ်။ Screen ပေါ်က ပုံရိပ်တွေဟာ အနီရောင်၊ အပြာရောင်၊ ဒါမှမဟုတ် အစိမ်းရောင် သန်းနေတယ်ဆိုရင် Graphcis Card နဲ့ Monitor ဆက်သွယ်တဲ့ Cable ချောင်နေလို့ ဖြစ်တတ်ပါတယ်။ Cable ရဲ့ Connector ထဲမှာ ပင်ချောင်းကလေးတွေ ကွေးကောက်နေသလားဆိုတာ စစ်ဆေးကြည့်ပါ။ ပင်ကလေးတွေကို နှုတ်သီး ချွန် ပလာယာသုံးပြီး ဖြောင့်တန်းပေးရပါမယ်။ On-Screen Object တွေပေါ်မှာ သက်တံရောင်စဉ်ပုံ ကျရောက်နေခဲ့ရင် သူ့ကို ချိန်ညှိဖို့ တချို့ Monitor တွေမှာ Convergence Control တွေ ပါရှိပါတယ်။ ။


(ဖိုးနိုင်ဝင်း (Masterpiece) Robot ရိုဘော့မှာလည်း အသည်းနဲ့ပါနှင့် အခြားကွန်ပျူတာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထား ပါသည်။)


Up