2010-06-06

Sony Camera မှ Mode Dial ကို အသုံးပြုခြင်း



SONY H10 Digital Camera မှာ ပါရှိတဲ့ Mode Dial ရဲ့ အသုံးပြုပုံကို နမူနာအနေနဲ့ တင်ပြမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ Digital Camera တွေမှာလည်း အလားတူပဲ ဖြစ်တာကြောင့် စာဖတ်သူအနေနဲ့ ကိုယ်အသုံးပြုတဲ့ ကင်မရာမှာ ပါရှိတဲ့ Mode Dial ကို ကောင်းမွန်စွာ အသုံးပြုတတ်မှာ ဖြစ်ပါတယ်။ အခု ဒီ Sony Digital Camera ရဲ့ Mode Dial မှာ ဓာတ်ပုံ ရိုက်ကူးနိုင်တဲ့ စနစ် ၁၀-မျိုး ရှိပါတယ်။


Auto Adjustment mode


သူကတော့ ဓါတ်ပုံရိုက် ကျွမ်းကျင်မှု မရှိတဲ့သူတွေအတွက် ကင်မရာကနေ သူ့ဘာသာသူ Aperture, Shutter Speed, ISO စတာတွေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးတဲ့ Auto စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံက Camera မှာ ရှိတဲ့ Power ခလုတ်ကို တစ်ချက်နှိပ် ဖွင့်လှစ်လိုက်ပြီးတဲ့နောက် Mode Dial ခလုတ်ကို Auto Adjustment mode ရောက်အောင် လက်နဲ့ လှည့်ပြီး ရွှေ့ယူလိုက်ပါ။ ထို့နောက် Camera ကို ပခုံးနဲ့ တန်းတူ လောက်မှာထားပြီး ဓါတ်ပုံရိုက်လိုတဲ့ Subject ပုံကို Camera ရဲ့မြင်ကွင်းအလယ်မှာ အပြည့်အ၀ ပေါ်လာအောင် ချိန်ယူလိုက်ပါ။ ပြီးရင် ဓါတ်ပုံရိုက်တဲ့ခလုတ်ဖြစ်တဲ့ Shutter Button ခလုတ်ကို တစ်ဝက်လောက်ကို အသာ အယာ ညာဘက်လက်ညိုးနဲ့ နှိပ်ထားလိုက်ပါ။

အဲဒီအခါ Camera ကနေ ဓါတ်ပုံရိုက်မယ့် ပုံကို ပြတ်သားအောင် အကောင်းဆုံး Focus ရရှိအောင် သူ့အလိုလို ချိန်ညှိနေမှာ ဖြစ်ပါတယ်။ ချိန်ညှိတာ ပြီးစီးသွားရင် Camera ရဲ့ မြင်ကွင်းအတွင်းက ဘယ်ဘက်အောက်ခြေမှာ အစိမ်းရောင် အစက်တစ်စက် ပေါ်လာမှာဖြစ်ပြီး 'တီ' ဆိုပြီး အသံတစ်ချက်မြည်လာတာကိုပါ ကြားသိရမှာ ဖြစ်ပါ တယ်။ အဲဒီလို အစိမ်းရောင်အစက်ကို AE/AF Lock လို့ ခေါ်ပါတယ်။ ပြီးရင် Shutter Button ခလုတ်ကို လက်ညိုးနဲ့ အပြည့်အ၀ တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ပါ။
အဲဒီလို အပြည့်အ၀ နှိပ်တဲ့အခါ Carema ကို မလှုပ်မိအောင် သတိထားပြီး ခလုတ်ကို နှိပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ သာ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံကို ရရှိလာမှာ ဖြစ်ပါတယ်။


ဓါတ်ပုံရိုက်တဲ့အခါ တွဲလျက် အသုံးပြုနိုင်တဲ့ ခလုတ်တစ်ခုကတော့ W/T Zoom Button ခလုတ်ပဲ ဖြစ်ပါတယ်။ ပုံမှန် အနီးဆုံး ဓါတ်ပုံရိုက်နိုင်တဲ့ အကွာအဝေးဖြစ်တဲ့ W ခလုတ် အဆုံးမှာ ထားရှိမယ်ဆိုရင် Sony H10 Digital မှာ ၁ ပေ ၇.၇၅ လက်မ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်အဝေးဆုံး ဓါတ်ပုံရိုက်နိုင်တဲ့ အကွာအဝေးဖြစ်တဲ့ T ခလုတ် ရဲ့ အဆုံးမှာ ထားရှိမယ်ဆိုရင် ၂ ပေ ၁၁.၆ လက်မ ဖြစ်ပါတယ်။

ဆိုလိုတာက အဲဒီအကွာအဝေးအတွင်း Camera ကနေ Auto အလိုအလျောက် စနစ်မှာထားရှိပြီး Focus အပြတ် သားဆုံး ဓါတ်ပုံရိုက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီထက် နီးတဲ့အကွာအဝေးမှာရှိတဲ့ ပုံ (သို့) အဲဒီထက် ပိုဝေး တဲ့ အကွာအဝေးမှာရှိတဲ့ ပုံဖြစ်နေရင် AF/AE Lock ဖြစ်တဲ့ အစိမ်းရောင်အစက် ပေါ်လာမှာ မဟုတ်ဘဲ 'တီ' ဆိုတဲ့ အသံလည်း မြည်မှာ မဟုတ်တော့ပါဘူး။ အဲဒီ အနေအထားမှာ အတင်း ဇွတ် Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဓါတ်ပုံက ၀ါးနေမှာ ဖြစ်ပါတယ်။ သူ့သဘောက Camera ရဲ့ မှန်ဘီလူး စွမ်းဆောင်ရည်ထက် ပိုပြီးလုပ်ဆောင်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ အကွာအဝေးကို အသေ အချာ ချိန်စရာမလိုဘဲ AF/AE Lock အစိမ်းရောင် အစက် ပေါ်မပေါ်ကိုသာ အဓိကထား ကြည့်ရှုရမှာ ဖြစ်ပါ တယ်။ မပေါ်ရင် ပေါ်အောင် Camera ကို ရှေ့တိုးနောက်ဆုတ် အနည်းငယ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါမှ မရ ရင် ရှေ့သို့ အနည်းငယ်တိုးပြီး လမ်းလျှောက်လိုက်ပါ။ AF/AE Lock အစိမ်းရောင် အစက် ပေါ်လာရင် Focus မှန်သွားပြီဖြစ်လို့ Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံ ရိုက်လိုက်ရမှာ ဖြစ်ပါတယ်။

Program Auto mode


သူ့ကိုတော့ ဓါတ်ပုံရိုက်တဲ့အခါ Exposure တန်ဖိုးတွေကို သူ့ဘာသာသူ အကောင်းဆုံး တွက်ချက်နိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကျွမ်းကျင်စရာ မလိုဘဲ အကောင်းဆုံးဓါတ်ပုံရရှိအောင် Mode Dial ရဲ့ P ခလုတ်နေရာ ကို ရွှေ့ယူပြီး Shutter Button ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ယူရမှာ ဖြစ်ပါတယ်။


Manual Exposure Shooting mode


သူကတော့ ဓါတ်ပုံရိုက်နည်း သိရှိတဲ့သူတွေအတွက် Exposure ကို စိတ်ကြိုက်ချိန်ညှိလိုတဲ့အခါ အသုံးပြုတဲ့ စနစ် ပဲ ဖြစ်ပါတယ်။ ဒီစနစ်မှာ Shutter Speed နဲ့ Aperature ကို စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။

Movie recording mode

သူ့ကိုတော့ ရုပ်ရှင် ရိုက်လိုတဲ့အခါမှာ အသုံးပြုပါတယ်။ အသုံးပြုပုံကတော့ Mode Dial ကို Movie recording mode ရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ရုပ်ရှင်ရိုက်ယူနိုင်ပါ တယ်။ ရုပ်ရှင်ရိုက် ကြာချိန်ကတော့ Camera မှာ ထည့်သွင်းထားတဲ့ Memory Stick ရဲ့ အရွယ်အစားပမာဏ ပေါ် မူတည်ပါတယ်။

High Sensitivity


ISO ဆိုတာ အရင် အခေါ်အဝေါ်အရ ဖလင်ရဲ့ အလင်းဆွဲအားပဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဖလင်လိပ်မှာ ISO တန်ဖိုးကို ရေးသားလေ့ရှိပါတယ်။ ပုံမှန် အောက်ဒိုးဓါတ်ပုံတွေအတွက် ISO 100 ဖလင်မျိုးနဲ့ ရိုက်လေ့ရှိပါတယ်။ Indoor အခန်းတွင်းမှာ ရိုက်ဖို့အတွက် ISO 200 ဒါမှမဟုတ် ISO 400 ဖလင်မျိုးနဲ့ ရိုက်ရ ပါတယ်။ ဓါတ်ပုံရိုက်မယ့် ပတ်ဝန်းကျင်မှာ အလင်းများရင် ISO ကို လျှော့ရမှာဖြစ်ပြီး အလင်းနည်းရင် ISO ကို တိုးရမှာ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုတဲ့အခါ Flash ပွင့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Flash ကို မဖွင့်ပဲ ရိုက်လိုတဲ့ အခါမျိုးမှာ အသုံးပြုလေ့ ရှိပါတယ်။ ညအမှောင်မှာဆိုရင် ISO High Sensitivity ခလုတ်ကို ရွေးချယ်ဖွင့်လှစ်ပြီး ရိုက်သင့်ပါတယ်။

အသုံးပြုပုံက Mode Dial ကို ISO နေရာရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် လက်ကို ငြိမ်အောင်ထားပြီး Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ရမှာ ဖြစ်ပါတယ်။ ညအခါ ဖယောင်းတိုင်မီး ထွန်းထားတဲ့ မွေးနေ့ကိတ်မုန့်ကို ရိုက်တဲ့အခါမျိုးမှာ ISO High Sensitivity ကို အသုံးပြုပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။ ကိတ်မုန့် မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးညွှန့်ကလေးတွေကအစ သဘာဝကျစွာ ဓါတ်ပုံမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်တန်း အမျိုးအစားကောင်းတဲ့ Camera တွေမှာ ISO High Sensitivity တန်ဖိုးပမာဏ ပိုများလေ့ ရှိပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် Camera ကို Tripod မှာ တင်ပြီး ရိုက်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ ဓါတ်ပုံ တွေကို ရရှိမှာ ဖြစ်ပါတယ်။ ကင်မရာကို လက်ဖြင့် ကိုင်ရိုက်ထားသည့်ပုံ နှင့် ကင်မရာကို Tripod ပေါ်တင်ပြီး ရိုက်ထားသည့်ပုံ (၂)ပုံတို့ကို အောက်ပါအတိုင်း ယှဉ်တွဲ၍ လေ့လာကြည့်ရှုနိုင်ပါသည်။

မှတ်ချက်။ ။ ISO ပမာဏတန်ဖိုး သိပ်မြင့်သွားရင် ပုံမှာ Noise လို့ ခေါ်တဲ့ မလိုလားအပ်တဲ့ အစက်အပျောက် တွေ ပေါ်လာတတ်ပါတယ်။

Soft Snap


လူနဲ့ ရှုခင်းတွဲလျက် ဓါတ်ပုံတွေကို ရိုက်တဲ့အခါမျိုးမှာ အသုံးပြုသင့်တဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံ က Mode Dial ကို Soft Snap နေရာရောက်အောင် လှည့်ရွှေ့ပါ။ ပြီးရင် လက်ကို ငြိမ်အောင်ထားပြီး Shutter Button ခလုတ်ကို တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်ရမှာ ဖြစ်ပါတယ်။

နမူနာအနေနဲ့ သစ်ပင်၊ ပန်းပင်တွေ ရှိတဲ့ ပန်းခြံတွေမှာ Portrait လူပုံတွေကို ရိုက်လိုတဲ့အခါ Soft Snap ကို ရွေးချယ်အသုံးပြုပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။


Advanced Sports Shooting


အားကစားသမားတွေရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံရိုက်ကူးလိုတဲ့ အခါ အသုံးပြုရတဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံက Mode Dial ကို Advanced Sports Shooting နေရာရောက်အောင် လှည့်ပါ။ ပြီးရင် camera ကို အားကစားသမားတည့်တည့်နေရာကို ချိန်ပြီး Shutter Button ခလုတ်ရဲ့ တစ်ဝက်လောက်ကို လက်ညိုးနဲ့ အသာအယာ နှိပ်ပေးလိုက်ပါ။ အဲဒီအခါ အားကစားသမားရဲ့ လှုပ်ရှားနေတာကို camera ကနေ Focus မှန်အောင် သူ့ဘာသာသူ တွက်ချက်ပြီး ချိန်ညှိနေမှာ ဖြစ်ပါတယ်။ ပြီးရင် Shutter Button ခလုတ်ကို အပြည့် တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ရမှာ ဖြစ်ပါတယ်။


Twilight Portrait Mode


ကြည်လင်ပြတ်သားတဲ့ လူပုံရဲ့ ညအမှောင် ရှုခင်းနောက်ခံထားပြီး ဓါတ်ပုံရိုက်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျရင် camera ကနေ အဝေးကို အလင်းပေးတဲ့ SL Flash မီးကို သူ့ဘာသာသူ သတ်မှတ်ပေးတာကို မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

အသုံးပြုပုံက Mode Dial ကို Twilight Portrait Mode ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် Shutter Button ကို အသာအယာ လက်ညိုးနဲ့ တစ်ချက်နှိပ်လိုက်ပါ။ ဒီစနစ်ကို အသုံးပြုရင် camera ကို Tripod နဲ့ တင်ပြီး ဓါတ်ပုံရိုက်သင့်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ Flash ပွင့်ပြီး အချိန်အတန်ကြာမှ ဓါတ်ပုံရိုက်တာ ပြီးစီးမှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတိုင်းအတာအထိ camera ရော၊ ဓါတ်ပုံအရိုက်ခံမယ့် လူကိုရော မလှုပ်စေဘဲ ငြိမ်အောင် ထားရှိရမှာ ဖြစ်ပါတယ်။ အောက်ဖက်တွင် မြင်တွေ့ရသည့်ပုံမှာ Twilight Portrait Mode နဲ့ ရိုက် ထားတဲ့ ဓါတ်ပုံကို ဖော်ပြပေးထားပါတယ်။

Landscape


အဝေးမှာရှိတဲ့ ရှုမျှော်ခင်းပုံတွေကို ဓါတ်ပုံရိုက်လိုတဲ့အခါ အသုံးပြုရတဲ့ ဓါတ်ပုံရိုက်စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုပုံ က camera မှာရှိတဲ့ Mode Dial ကို Landscape ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် Shutter Button ကို လက်ညိုးနဲ့ တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။ နမူနာပုံကို တစ်ပါတည်း ဖော်ပြပေးထားပါတယ်။


Scene Selection mode

သူ့ထဲမှာ ဓါတ်ပုံရိုက်စနစ် မျိုးခွဲ (၄)မျိုး ထပ်မံ ပါရှိပါတယ်။ အဲဒီ မျိုးခွဲတွေကို အသုံးပြုပုံက camera ပါရှိတဲ့ Mode Dial ကို SCN ရောက်အောင် လှည့်ရွှေ့လိုက်ပါ။ ပြီးရင် camera မှာရှိတဲ့ Menu ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ အဲဒီအခါ camera မြင်ကွင်းမှာ မျိုးခွဲ အားလုံး ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီထဲက ရွေးချယ်လိုတဲ့ မျိုးခွဲတစ်မျိုးကို Control Button မှာ ရှိတဲ့ ဘေးဘယ်ညာမြှားတွေကို တစ်ချက်စီနှိပ်ပြီး ရွေးချယ်လိုက်ပါ။ မျိုးခွဲတစ်ခုချင်းအလိုက် ဆက်လက် တင်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။

Twilight


သူ့ကိုတော့ အဝေးမှာရှိတဲ့ ညရှုခင်းဓါတ်ပုံမျိုးကို ရိုက်လိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ပတ်ဝန်းကျင် အမှောင် ထုက ကွယ်ပျောက်သွားပြီး သဘာဝကျတဲ့ ညရှုခင်းကို ကြည်လင်ပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နမူနာ ပုံကို တစ်ပါတည်း ဖော်ပြပေးထားပါတယ်။
Beach


သူ့ကိုတော့ ကောင်းကင်ပြာပြာ၊ ရေပြင်ပြာပြာနဲ့ လှပနေတဲ့ ပင်လယ်ကမ်းခြေရှုခင်းမျိုးကို ဓါတ်ပုံရိုက်တဲ့အခါမျိုး မှာ အသုံးပြုပါတယ်။ နမူနာ ရိုက်ထားတဲ့ ပုံကို လေ့လာကြည့်ပါ။


Snow


သူ့ကိုတော့ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ သူ့ကို အသုံးပြုရင် မိုးကောင်းကင်ပြာကြီးကိုပါ သဘာဝကျကျ ရိုက်ကူးနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နမူနာပုံကို လေ့လာ ကြည့်ပါ။


Fireworks


သူ့ကိုတော့ ညအမှောင် မိုးကောင်းကင်မှာရှိတဲ့ မီးရှူးမီးပန်းတွေကို ရိုက်လိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ သူ့ကို အသုံးပြုရင် camera ကို Tripod နဲ့ တင်ပြီးမှသာ ဓါတ်ပုံရိုက်သင့်ပါတယ်။

မှတ်ချက်။ ။ Fireworks ကို အသုံးပြုပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဓါတ်ပုံမှာ Conversion Lens လို့ခေါ်တဲ့ အနီး ကပ်မှန်ဘီလူးကို တပ်ဆင်ပြီး မရိုက်မိဖို့ သတိထားရပါတယ်။


Source of : ဦးအောင်လင်း ( စွမ်းရည်ပြည့် Digital Camera ကိုင်တွယ်၊ ဓါတ်ပုံရိုက်နည်းလက်စွဲ) မှ ကူးယူဖော်ပြထားပါသည်။)



No comments:

Up